ဗီယင်နာ ဇွန် ၂၁

 

အီရန်နိုင်ငံ၏ နျူကလီးယားဓာတ် အားပေးစက်ရုံများကို တိုက်ခိုက်ခြင်းမပြုသင့်ကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အစည်းအဝေးတွင် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲက ပြောကြားသည်။

 

အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ဇွန် ၂၀ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ ရာဖယ်လ်မာရီယာနိုဂရိုစီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် စဉ်းစားသုံးသပ်သင့်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း နှစ်နိုင်ငံအစိုးရအား တောင်းဆိုထားသည်။

 

အီရန်၏ နျူကလီးယားဖွံ့ဖြိုးရေး အစီအစဉ်သည် နျူလက်နက်ထုတ်လုပ်ခြင်းအတွက်မဟုတ်ဟု အီရန်အစိုးရက ထပ်တလဲလဲ ပြောကြားလျက်ရှိကြောင်း ဂူတာရက်စ်က ပြောသည်။ ယင်းသို့ ယုံကြည်နိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ယုံကြည်ရလောက်သော၊ ပြည့်စုံပြီး အတည်ပြုနိုင်သော အဖြေတစ်ခုကိုရရှိရန် သံခင်းတမန်ခင်း နည်းလမ်းဖြင့်သာ ဆောင်ရွက်ရန် လိကြောင်း ဂူတာရက်စ်က ဆက်လက်ပြောသည်။

 

အီရန်နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုကြောင့် အများပြည်သူအား ထိခိုက်စေသည့် ရောင်ခြည် ဖြာထွက်မှုကို မဖြစ်ပေါ်စေသော်လည်း အီရန်တောင်ပိုင်း ရှိ Bushehr နျူကလီးယားဓာတ်အားပေး စက်ရုံကို တိုက်ရိုက်ထိမှန်သည့်အတွက် စက်ရုံသို့ လျှပ်စစ်ဓာတ်အားပေးသည့် စနစ်များချွတ်ယွင်းခဲ့ခြင်းကြောင့် ပတ်ဝန်း ကျင်သို့ ရေဒီယိုသတ္တိကြွမှု မြင့်မားစွာထွက်လာနိုင်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖယ်လ်မာရီယာနိုဂရိုစီက သတိပေး ပြောကြားသည်။

 

နျူကလီးယားစက်ရုံများကို မည်သည့်အချိန်တွင်မျှ တိုက်ခိုက်ခြင်းမပြုသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့ခြင်းအတွက် ၎င်းတို့အနေဖြင့် တောင်းပန်မည် မဟုတ်ကြောင်းနှင့် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို မဖျက်သိမ်းမချင်း တိုက်ခိုက်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နေဒန် နွန်က ပြောကြားသည်။

 

အလားတူ အစ္စရေး၏ တိုက်ခိုက်မှုများသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ချိုးဖောက်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အေမာဆာအစ်အီရာဗာနီက ပြောကြားသည်။

 

အီရန်၏ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ စည်းမျဉ်းများနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း အီရာဗာနီက ဆက်လက်ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်