၉ စက်တင်ဘာ

 

အီရန်နိုင်ငံဘက်က ဖမ်းဆီးထားသော ဗြိတိန်ရေနံတင်သင်္ဘောတစ်စီး ကို မကြာခင် ပြန်လွှတ်ဖွယ်ရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

 

အဆိုပါ ရေနံတင်သင်္ဘောပြန်လွှတ်ရန် လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရန် လိုအပ်ပြီး ဥပဒေရေးရာ ကိစ္စရပ်များ အပြီးသတ်လုပ်ဆောင်ရန် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဘာဘတ် မူဆာဗီ က နိုင်ငံပိုင် သတင်းအေဂျင်စီ ကို ယမန်နေ့က ပြောကြားခဲ့သည်။

 

အီရန်နိုင်ငံ ၏ အစ္စလာမ္မစ် ကမ်းခြေစောင့်တပ်ဖွဲ့ က အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှု စည်းမျဉ်းများ ချိုးဖောက်သည် ဟု စွပ်စွဲကာ ဟောမုဒ်ရေလက်ကြားရှိ ထိုရေနံတင်သင်္ဘော ကို ပြီးခဲ့သည့် ဇူလိုင်လက ဖမ်းဆီးခဲ့သည်။

 

ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းက ဂျီဘရော်လ်တာ ဗြိတိသျှ နယ်မြေ ရှိ အာဏာပိုင်များက အီရန် ရေနံတင် သင်္ဘောတစ်စီး ကို ဖမ်းဆီးခဲ့သည်။

 

ယင်းရေနံတင်သင်္ဘောများကို နှစ်ဘက် အပြန်အလှန် တစ်လကျော် အကြာဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပြီးခဲ့သည့် လက အီရန်ရေနံတင်သင်္ဘော ကို ဗြိတိသျှနယ်မြေ က ပြန်လွှတ်ပေးခဲ့သည်။

 

အီရန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆိုမှု့အောက်တွင် ရုန်းကန်လှုပ်ရှားသလို  မကြာသေးမီလများက  ပြင်သစ်နိုင်ငံ နှင့် အခြားသော နိုင်ငံတို့ဖြင့် စီးပွားရေးအကူအညီဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းနေကြောင်း ဖော်ပြထားသည်။

 

ဥရောပ နိုင်ငံများနှင့် ဆက်ဆံရေး ထိန်းသိမ်းရန် အီရန်နိုင်ငံ၏ ကတိကဝတ်ကို ပြသသည့်အနေဖြင့် ဗြိတိသျှ ရေနံတင်သင်္ဘောပြန်လွှတ်ရန် ဆောင်ရွက်နေကြောင်း လေ့လာသူများက ဆိုသည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို