ကလျာမိုးမြင့်

အခုရက်ပိုင်းအတွင်း အမေရိကန်နဲ့ အီရန် သံတမန်ဆက်ဆံရေး တင်းမာမှုရဲ့ အဓိကအကြောင်းကိစ္စ တစ်ခုဖြစ်နေတဲ့ အီရန်ရေနံတင်သင်္ဘောရဲ့ ကပ္ပတိန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လာသန်းချီ ကမ်းလှမ်းခဲ့တယ်ဆိုပြီး ထွက်ပေါ်လာတဲ့သတင်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဟုတ်မှန်ကြောင်း အတည်ပြု လိုက်ပါတယ်။

အီးမေးလ်ပို့

အီရန်လှုပ်ရှားမှုအဖွဲ့ရဲ့ ဌာနအကြီးအကဲ ဘရီယန်ဟွတ်ခ်ဟာ အက်ဒရီယန်ဒါရာ - ၁ သင်္ဘောကို အမေရိကန်က ဖမ်းဆီးလို့ရနိုင်တဲ့ တစ်နေရာရာမှာ ခုတ်မောင်းဖို့ သင်္ဘောကပ္ပတိန်ဆီကို အီးမေးလ် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သင်္ဘောဟာ ဆီးရီးယားဆီ ရေနံတွေသယ်ဆောင်နေတယ်လို့ စွပ်စွဲခံခဲ့ရပြီး အဲဒီအကြောင်းပြချက်နဲ့ပဲ ဇူလိုင်လအတွင်းက ဗြိတိန်နယ်နိမိတ်ဖြစ်တဲ့ ဂျီဘရော်လ်တာမှာ ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အီရန်က အာမခံကတိကဝတ် ပြုမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ သင်္ဘော ပြန်လွတ်လာခဲ့ပါတယ်။

သင်္ဘောကို ပြန်လွှတ်ပေးတဲ့ ဂျီဘရော်လ်တာ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို အမေရိကန်တရားရေးဌာနက တားဆီးပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ မအောင်မြင်ခဲ့တဲ့နောက် အမေရိကန်တရားရေးဌာနဟာ ယခင် ဂရေ့စ်ဝမ်း သင်္ဘောကနေ အက်ဒရီယန်ဒါရာ - ၁ လို့ အမည်ပြောင်းထားတဲ့ အီရန်ရေနံတင်သင်္ဘော ကို ဖမ်းဝရမ်းထုတ်လိုက်တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ငွေကြေးကမ်းလှမ်း

သင်္ဘောရဲ့ ကပ္ပတိန်ကို ငွေကြေးကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကို ဖိုင်နန်ရှယ်လ် တိုင်းမ်သတင်းစာမှာ စက်တင်ဘာ ၄ ရက်က ဦးစွာဖော်ပြခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကိစ္စကို အတည်ပြုခဲ့ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ သင်္ဘောကပ္ပတိန်အများအပြားနဲ့ သင်္ဘောကုမ္ပဏီတွေကို ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးက အေအက်ဖ်ပီကို ဖြေကြားခဲ့ ပါတယ်။

အီးမေးလ်မှာ ဘာတွေပါသလဲ

ဖိုင်နန်ရှယ်တိုင်းမ်သတင်းစာမှာ ဖော်ပြထားမှုအရ မစ္စတာဟွတ်ခ်ဟာ အက်ဒရီယန်ဒါရာ - ၁ သင်္ဘောကပ္ပတိန်ဖြစ်တဲ့ အာခီလက်ရှ်ကူးမားဆီသို့ အီးမေးလ်တစ်စောင်ကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က သင်္ဘောကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးလို့ရနိုင်တဲ့ တစ်နေရာဆီ ခုတ်မောင်းသွားဖို့ သင်္ဘောကပ္ပတိန်ကို အမေရိကန်ဒေါ်လာ သန်းချီကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်ဆိုပြီး ဖော်ပြပါရှိပါတယ်။

နီးနီးကပ်ကပ်လုပ်ဆောင်နေ

သင်္ဘောဖမ်းဆီးခံခဲ့ရပြီးနောက် သင်္ဘောကို ခုတ်မောင်းသွားတဲ့ ကပ္ပတိန်အနေနဲ့ ဒီကိစ္စကို လိမ်လည်လှည့်ဖြားမှုလို့ မထင်စေဖို့အတွက် အီးမေးလ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖုန်းနံပါတ်ကိုပါ ထည့်သွင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရားမဝင်ရေနံ တင်ပို့မှုကို ဟန့်တားဖို့အတွက် ရေကြောင်းသွားလာရေးအဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ်အလုပ်လုပ် နေတယ်လို့ မစ္စတာ ဟွတ်ခ်က သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။

လျစ်လျူရှု

ဒါပေမယ့်လည်း ကပ္ပတိန် ကူးမားက အဲဒီအီးမေးလ်တွေကို လျစ်လျူရှုခဲ့ပါတယ်။ အဲဒီနောက် မှာတော့ အမေရိကန်က အက်ဒရီယန်ဒါရာ - ၁ သင်္ဘောကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်သလို သင်္ဘောကပ္ပတိန်ကိုလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ပိတ်ဆို့မှု ပြုလုပ်လိုက်ပါတယ်။ ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က အမေရိကန်ကို ပြောင်ပြောင်တင်းတင်း ငွေညှစ်နေတယ်လို့ တွစ်တာပေါ်မှာ စွပ်စွဲရေးသား ခဲ့ပါတယ်။

အရေးယူပိတ်ဆို့ကြောင်း ကြေညာ

စက်တင်ဘာ ၄ ရက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ရေနံရောင်းချမှု လုပ်ဆောင်ခဲ့ဖူးတဲ့ အီရန်သင်္ဘောပို့ဆောင်မှု ကွန်ရက်တစ်ခုအပေါ် အရေးယူပိတ်ဆို့မှုတွေ အသစ်ချမှတ်လိုက်ကြောင်း ကြေညာလိုက်ပြီး အဲဒီ လုပ်ဆောင်ချက်တွေကို ဟန့်တားနိုင်စေဖို့ အကူအညီပေးနိုင်မယ့် ဘယ်သူ့ကိုမဆို အမေရိကန် ဒေါ်လာ ၁၅ သန်းဆုချမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဂရေ့ဝမ်းစ်သင်္ဘောကနေ အမည်ပြောင်းထား တဲ့ အက်ဒရီယန်ဒါရာ - ၁ သင်္ဘောဟာ ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားဆီ ရေနံတွေတင်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇူလိုင်လအစောပိုင်းမှာ ဗြိတိန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရရာက သြဂုတ် ၁၅ ရက်မှာ ပြန်လွတ်လာခဲ့ပြီဖြစ်ပေမယ့် အမေရိကန်ကတော့ ဒီကိစ္စကို အခုအချိန်အထိ အခဲမကျေနိုင်အောင် ရှိနေပါတယ်။

သင်္ဘောဘယ်ဆီမှာ

ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားချက်အရဆိုရင် သင်္ဘောဟာ အချက်ပြစနစ်ကို ပိတ်ထားတယ်ဆိုပေမယ့်လည်း လက်ရှိမှာ အရှေ့ဘက်မြေထဲ ပင်လယ်ဆီ ဦးတည်နေတယ်လို့ ဖော်ပြနေပါတယ်။ ပထမအကြိမ် သင်္ဘောသိမ်းဆည်းခံခဲ့ရမှုက ဗြိတိန်နဲ့ အီရန်တို့အကြား သံတမန်ဆက်ဆံရေးကို ပဋိပက္ခ ဖြစ်စေခဲ့ပြီး အီရန်က ၎င်းရဲ့ င်္ဘောကို အသိမ်းခံရတာကြောင့် ဗြိတိန်အလံလွှင့်ထားတဲ့ ဆွီဒင်ပိုင် ရေနံတင်သင်္ဘော စတီနာအင်ပီရိုကို ပင်လယ်ကွေ့ အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းအားဖြင့် လက်တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗဒ္ဓဟူးနေ့မှာတော့ အီရန်က ဖမ်းဆီ ထားတဲ့ သင်္ဘောရဲ့ နိုင်ငံတကာသင်္ဘောအမှုထမ်း ၂၃ ဦးအနက်ခုနစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဆက်လက်ကျန်ရှိနေသေးတဲ့ သင်္ဘော အမှုထမ်း ၁၆ ဦးကတော့ အီရန်တောင်ပိုင်းဆိပ်ကမ်းဖြစ်တဲ့ ဘန်ဒါအာဘတ်စ်အနီးမှာ သင်္ဘောနဲ့အတူ ရှိနေကြလိမ့်မယ်လို့ ယူဆရပါတယ်။

ဖမ်းဆီးဖို့အစီအစဉ် မရှိသေး

လတ်တလောမှာတော့ လွတ်မြောက်ထွက်ခွာသွားတဲ့ သင်္ဘောနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက ၎င်းအနေနဲ့ အက်ဒရီယန်ဒါရာ - ၁ ကို ဖမ်းဆီးမယ့် အစီအစဉ်မရှိသေးဘူးလို့ ဆိုလာပြန်ပါတယ်။ ချမှတ်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး မဆွေးနွေးရသေးဘူး။ ဒါပေမယ့် လတ်တလောမှာ သင်္ဘောကို ဖမ်းဆီးဖို့ အစီအစဉ်လည်း မရှိသေးဘူးလို့ အက်စပါ က လန်ဒန်မှာရှိနေစဉ်အတွင်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ထောက်ခံအားပေးမှု

ဝါရှင်တန်က ဒီသင်္ဘောကို ဘယ်နိုင်ငံကမှ အကူအညီမပေးကြဖို့ သတိပေးတားမြစ်ထားပြီး အကူအညီပေးခဲ့ရင် အဲဒီအကူအညီဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို ထောက်ခံအားပေးတဲ့ လုပ်ရပ်အဖြစ် ထည့်သွင်းသတ်မှတ်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အမေရိကန်အာဏာပိုင်တွေအနေနဲ့က စစ်ရေးအရ ဆောင်ရွက်မှုတစ်ခုခုဟာ တင်းမာမှုတွေကို ပိုဆိုးလာစေနိုင်တာကြောင့် သတိထားနေကြတဲ့ အနေအထားမှာ ရှိပါတယ်။

ဆွေးနွေးပွဲဆီ ခေါ်ဆောင်လာဖို့

ဒါ့အပြင် ပင်တဂွန်အကြီးအကဲက ၎င်းအနေနဲ့ အီရန်ကို ဆွေးနွေးပွဲတွေမှာ ပါဝင်လာအောင် ပြင်သစ်နဲ့ တခြားနိုင်ငံတွေက ကြိုးစားနေတာကို သူ့အနေနဲ့ အားပေးတယ်လို့လည်း ပြောပါတယ်။ “ကျွန်ုပ်ရဲ့ ပုဂ္ဂိုလ်ရေးရှုထောင့်ကနေ ပြောရမယ်ဆို ရင် ဒီကိစ္စတွေမှာ ကျွန်ုပ်က ဦးဆောင်သူမဟုတ် ပေမယ့် အကယ်၍ ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အီရန်ကို ဆွေးနွေးပွဲဆီရောက်အောင် ခေါ်ဆောင် လာနိုင်မယ်ဆိုရင် သိပ်ကောင်းမယ်လို့ ထင်မြင်မိတယ် လို့ အက်စပါက မှတ်ချက်ချခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ချမှတ်ကာ ဖိအားတွေပေးလာခဲ့တာပါ။ ဥရောပနိုင်ငံတွေက အီရန်ကို နျူကလီးယားစာချုပ်ပါ ကတိကဝတ်တွေအတိုင်း လိုက်နာစောင့်ထိန်းဖို့ တိုက်တွန်းလျက်ရှိပါတယ်။ ။

ကိုးကား- အေအက်ပီ