ဝါရှင်တန် ဇွန် ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရှိ နျူကလီးယားစက်ရုံသုံးရုံအား တိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့က ကြေညာသည်။
အီရန်၏ အဓိကနျူကလီးယားစက်ရုံသုံးရုံ ဖြစ်သည့် ဖော်ဒို၊ နတန့်ဇ်နှင့် အစ္စဖာဟန်တို့ကို တိကျစွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ရုပ်သံမိန့်ခွန်းတွင် ပြောကြားကြောင်း သိရသည်။
အမေရိကန်၏ အဓိကရည်ရွယ်ချက်မှာ အီရန်၏ နျူကလီးယားစွမ်းရည်ကို ဖျက်ဆီးခြင်းနှင့် နျူကလီးယား ခြိမ်းခြောက်မှုကို ရပ်တန့်ခြင်းပင်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။ အီရန်၏ အဓိကနျူကလီးယားသန့်စင်ရေးစက်ရုံများကို အပြည့်အဝ ချေမှုန်းနိုင်ပြီဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် ယခုအချိန်တွင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အကယ်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုဆီသို့ လာရောက်ခြင်းမရှိပါက ယခုထက်ပိုမို ကြီးမားသော တိုက်ခိုက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားသည်။
အီရန်နိုင်ငံရှိ ဖော်ဒိုနျူကလီးယားစက်ရုံကို တိုက်ခိုက်ရာတွင် B-2 ဗုံးကြဲလေယာဉ်အသုံးပြုခဲ့ ကြောင်း အမေရိကန်အကြီးတန်း ကာကွယ်ရေးဌာန အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး သည်နယူးယောက်တိုင်းမ်သတင်းစာက သတင်းဖော်ပြသည်။ B-2 ကိုယ်ပျောက်လေယာဉ်သည် ပေါင် ၃၀၀၀၀ အလေးချိန်ရှိ မြေအောက်ထိုးဖောက် ဝင်ရောက်ဖောက်ခွဲပစ်နိုင်သည့် ဘန်ကာဗုံးများ ကို သယ်ဆောင်နိုင်သည်။
နောက်ထပ် နျူကလီးယားစက်ရုံနှစ်ခုဖြစ်သည့် နတန့်ဇ်နှင့် အစ္စဖာဟန်တို့ကို အမေရိကန်ရေငုပ် သင်္ဘောမှပစ်လွှတ်သော တိုမာဟော့ ဒုံးကျည်အစင်း ၃၀ ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အီရန်အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက်ရာတွင် အစ္စရေးသည် အမေရိကန်နှင့် အပြည့်အဝ ညှိနှိုင်း ဆောင်ရွက်နေကြောင်း အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို အစ္စရေးမီဒီယာတစ်ခုက ကိုးကား ဖော်ပြခဲ့သည်။
အီရန်အပေါ် အမေရိကန်၏ အင်အားသုံး၍ တိုက်ခိုက်ခြင်းသည် ကမ္ဘာ့ပြည်သူများ၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတွက် လွန်စွာထိတ်လန့်မိပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပဋိပက္ခသည် မထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားမည်ကို စိုးရိမ်မိပါကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်