အီရန်သမ္မတရိုင်စီ၊ နိုင်ငံခြားရေးဝန်ကြီးတို့ရဟတ်ယာဉ်ပျက်မှုကြောင့် သေဆုံး

မေ ၂၀

အီရန်သမ္မတအီဘရာဟင်ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့လိုက်ပါသော ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားပြီး အီရန်သမ္မတနှင့်နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးကြောင်း နိုင်ငံပိုင်မီဒီယာ အိုင်အာအိုင်ဘီရုပ်သံလွှင့်ဌာနက ယနေ့တွင် ဖော်ပြထားသည်။ အဆိုပါရဟတ်ယာဉ်သည် ရေကာတာစီမံကိန်းဖွင့်ပွဲအခမ်းအနားသို့သွားရောက်ရန် အဇာဘိုင်ဂျန်နယ်စပ်မှထွက်ခွာလာခြင်းဖြစ်ကြောင်းနှင့် မေလ ၁၉ ရက်နေ့က အရှေ့အဇာဘိုင်ဂျန်၏ အနောက်မြောက်ပိုင်းပြည်နယ်တွင် ရာသီဉတုဆိုးရွားမှုကြောင့် မတ်စောက်သောတောင်ကုန်းပေါ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သမ္မတရိုင်စီသည် Bell 212 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာခြင်းဖြစ်ကြောင်း နိုင်ငံပိုင် အိုင်အာအင်န်အေသတင်းအေဂျင်စီက ပြောကြားသည်။ ကယ်ဆယ်ရေးအဖွဲ့များက ယမန်နေ့အစောပိုင်းကပင် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာသို့သွားရောက်ခဲ့သော်လည်း မိုးရွာ မြူခိုးဆိုင်းနေသော ဆိုးဝါးသည့်ရာသီဉတုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် နှောင့်နှေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို