၅ ဇွန်
အီရတ်နိုင်ငံ အနောက်ဘက် အန်ဘာ ပြည်နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် သီးခြားဖြစ်ရပ် ၂ ခုတွင် အသေခံဗုံးခွဲမည့်သူတစ်ဦး အပါအဝင် စုစုပေါင်း အိုင်အက်စ် စစ်သွေးကြွ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
အသေခံဗုံးခွဲမည့် အိုင်အက်စ်တစ်ဦးသည် ပေါက်ကွဲပစ္စည်းများ တနင့်တပိုးတင်ထားသော ဆိုင်ကယ်စီးနင်းလာစဉ် အီရတ်စစ်တပ်မှ တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည် ဟု al-Jazira စစ်ဌာနချုပ် မှ Sabah al-Obaidi က သတင်းထောက်များကိုပြောကြားခဲ့သည်။
ထိုသူသည် ဆီးရီးယား နယ်စပ် al-Qaim မြို့အနီး လုံခြုံရေးတပ်ဖွဲ့များ တပ်ချထားရာ နေရာတစ်ခုကို ပစ်မှတ်ထားရန်ကြိုးပမ်းခဲ့ကြကြောင်း al-Obaidi က ဆိုသည်။
သီးခြား ဖြစ်ရပ်တစ်ခုမှာ အိုင်အက်စ် စစ်သွေးကြွနှစ်ဦးက အီရတ်နိုင်ငံ အနောက်ဘက် ၅၀ ကီလိုမီတာ အကွာ Fallujah မြို့တော် တောင်ပိုင်းဒေသရှိ လုံခြုံရေးတပ်ဖွဲများကို တိုက်ခိုက်ခဲ့ကြကြောင်း နှင့် ၎င်းတို့နှစ်ဦး သေဆုံးခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်နှောင်းပိုင်းက နိုင်ငံအနှံ့ လုံခြုံရေးတပ်ဖွဲ့များက အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွများကို လုံးဝအနိုင်ရရှိခဲ့ပြီးနောက် အီရတ်နိုင်ငံ လုံခြုံရေးအခြေအနေ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။
အိုင်အက်စ် စစ်သွေးကြွ အကြွင်းအကျန်များသည် ကန္တာရများနှင့် ကျောက်ဆောင်ကျောက်ကမ်းပါး ဒေသများ (သို့မဟုတ်) မြို့ပြဒေသများတွင် အန္တရာယ်ကာကွယ်ကာ နေထိုင်ပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များနှင့် အပြစ်မဲ့အရပ်သားများကို ပြောက်ကျား တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ကြသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို