ဘဂ္ဂဒက် မတ် ၂၈

အီရတ် မြို့ပြလေကြောင်း အာဏာပိုင်များက နိုင်ငံအတွင်းရှိ လေကြောင်းပိုင်နက် ပိတ်ထားမှုကို နောက်ထပ် ၇၂ နာရီ သက် တမ်းတိုးလိုက်ကြောင်း  ယနေ့ကြေညာခဲ့သည်။

အဆိုပါ သက်တမ်းတိုးခြင်းကို မတ် ၂၈ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမှ စတင်၍ သက်တမ်းတိုးမည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်းပိုင်နက် ပိတ်ထားမှု ဆုံးဖြတ်ချက်သည် လုံခြုံရေးအခြေအနေနှင့်  ဒေသဆိုင်ရာ အခြေအနေများတွင် ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ် အကဲဖြတ်မှုအပေါ် အခြေခံ၍ ယာယီကြိုတင်ကာကွယ်မှု ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်း အချက် အလက်များကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး လေကြောင်းလိုင်းများ နှင့်  သက်ဆိုင်ရာအေဂျင်စီ အားလုံးကို အကြောင်းကြားမည် ဖြစ်ကြောင်း အာဏာပိုင်များက မှတ်ချက်ပြုပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခများ ပိုမိုမြင့်တက်လာချိန်တွင်  လေကြောင်းပိုင်နက် ပိတ်ထားမှု သက် တမ်းတိုးခြင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်