၃ အောက်တိုဘာ

 

 

အီရတ်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွင် ဒေါသထွက်နေသော ရာချီရှိသည့် ဆန္ဒပြသမားများသည် Dhi-Qar ပြည်နယ်အစိုးရ ဌာနချုပ်ကို ဖျက်ဆီးခဲ့ပြီး ထိုအဆောက်အဦကို မီးရှို့ခဲ့ပြီးနောက် ဆန္ဒပြသူ လေးဦးနှင့်ရဲတပ်ဖွဲ့ဝင် တစ်ဦး ယမန်နေ့က သေဆုံးခဲ့ပြီး အခြား ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

အလုပ်အကိုင်များ မလုံလောက်ခြင်း၊ အခြေခံဝန်ဆောင်မှုများ ကျဆင်းလာခြင်းနှင့် အကျင့်ပျက်ခြင်းတို့ကို ကန့်ကွက်ဆန္ဒပြသည့် ဒုတိယမြောက်နေ့တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

မျက်ရည်ယိုဗုံးကြောင့် အသက်ရှူရကျပ်ခြင်း ဒဏ်ရာရရှိခြင်းတို့ကြောင့် ဆန္ဒပြသူ ၃၃ ဦးခန့် ဆေးရုံတက်ကုသမှုခံယူခဲ့ကြောင်း Dhi-Qar ကျန်းမာရေးဌာနမှ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားခဲ့သည်။

 

 

ဒေသစံတော်ချိန် ည ၈ နာရီမှစပြီး အပြင်မထွက်ရ အမိန့်ချမှတ်ရန် လုံခြုံရေး အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်ဟု Dhi-Qar မီဒီယာရုံး အကြီးအကဲဖြစ်သူ အဘဒူလ် ဟာဆန် ဒါဝုဒ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

အဆိုပါ ဆန္ဒပြပွဲများသည် ဘဂ္ဂဒက်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားပြည်နယ်များတွင်လည်း အစိုးရ အဆောက်အဦအချို့ကို ဆန္ဒပြသမားများက ဖျက်ဆီးခြင်းမပြုမီ  ယင်းအဆောက်အဦများ၏ အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။

 

 

ထိုဆန္ဒပြသမားများသည် ဘဂ္ဂဒက်လေဆိပ်၏ အဓိကလမ်းကိုလည်း ပိတ်ဆို့ခဲ့ကြသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

1