ဘဂ္ဂဒက် ဇန်နဝါရီ ၂၁

 

အီရတ်နိုင်ငံအနောက်ပိုင်း အန်ဘာပြည်နယ် အမေရိကန်လေတပ်အခြေစိုက်စခန်းရှိရာ နေရာကို ဇန်နဝါရီ ၂၀ ရက်က ဒုံးကျည်အစင်း ၂၀ ဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် အီရတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည် ဟု အီရတ်တပ်ဖွဲ့၏ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

 

ဘဂ္ဂဒက်မြို့ အနောက်မြောက်ဘက် ၁၉၀ ကီလိုမီတာအကွာ အယ်လ်ဘဂ္ဂဒါဒီမြို့အနီးရှိ အိုင်းအယ်-ဆတ်စခန်းကို စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က မွန်းလွဲပိုင်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လေကြောင်းရန် ကာကွယ်ရေး လက်နက်များက ဒုံးကျည်တစ်စင်းမှလွဲ၍ ကျန်ဒုံးကျည်များကို ပစ်ချနိုင်ခဲ့ကြောင်း၊ အဆိုပါဒုံးကျည်မှာလည်း လေတပ် အခြေစိုက်စခန်းအတွင်းပိုင်း နေရာလွတ်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အရ သိရသည်။

 

ဒုံးကျည်များကို လေကြောင်းရန် ကာကွယ်ရေးလက်နက်များက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး လေထဲတွင် ပေါက်ကွဲမှုကြောင့် အီရတ်တပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုမှာ မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ကို မသိရသေးချေ။

 

ဆင်ဟွာ