၁၄ ဒီဇင်ဘာ
အီရတ်နိုင်ငံ နင်းနိဗပြည်နယ်တွင် အီရတ်အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့(စီတီအက်စ်)၏ ကွန်မန်ဒိုတပ်ဖွဲ့များ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ရာ အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့မှ စစ်သွေးကြွ ၄၂ ဦး သေဆုံးခဲ့သည်ဟု အီရတ်စစ်ဘက်ဆိုင်ရာက ယမန်နေ့က ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းတပ်ဖွဲ့လေယာဉ်များနှင့် အီရတ်တို့ အားပေးထောက်ပံ့ပေးထားသည့် စီတီအက်စ်တပ်ဖွဲ့များသည် မြို့တော် ဘဂ္ဂဒက်မြောက်ပိုင်း ကီလိုမီတာ ၄၀၀ အကွာ မိုဆူးလ်မြို့ နင်းနိဗပြည်နယ် တောင်ဘက် အန်အယ်လ်ဂျဟတ်ရှ်ဒေသတွင် နှစ်ရက်ဆက်တိုက် အိုင်အက်စ်စစ် သွေးကြွများနှင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း အီရတ်တပ်ဖွဲ့ ကာကွယ်ရေးဦးစီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ယာဟီရာ က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။
အဆိုပါတပ်ဖွဲ့များက အိုင်အက်စ် စစ်သွေးကြွများအား ၎င်းတို့ပုန်းအောင်းရာ နေရာများမှ ဆုတ်ခွာသွားရန် အမိန့်ပေးခဲ့သည်။ စီတီအက်စ် တပ်ဖွဲ့များက စစ်သွေးကြွများ ပုန်းအောင်းရာ ဉမင်လိုဏ်ခေါင်းများအတွင်း လက်ပစ်ဗုံးများ ပစ်သွင်းခဲ့ကြသည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။
ထိုစစ်ဆင်ရေးတွင် စစ်သွေးကြွအဖွဲ့၏ ဒေသခံခေါင်းဆောင် ငါးဦး အပါအဝင် အိုင်အက်စ်စစ်သွေးကြွ ၄၂ ဦး သေဆုံးခဲ့ပြီး ပုန်းအောင်းရာနေရာများ အတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။
အစွန်းရောက် အိုင်အက်စ် စစ်သွေးကြွများသည် အိုင်အက်စ်တို့ယခင်က ထိန်းချုပ်ထားသော ဆွန်နီပြည်နယ်များရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သဖြင့် လူဒါဇင်ပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ထိုစစ်ဆင်ရေးဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အီရတ်တပ်ဖွဲ့များက ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတစ်ဝန်းရှိ အိုင်အက်စ်စစ်သွေးကြွများကို ချေမှုန်းခဲ့ပြီးချိန်မှ စတင်ကာ အီရတ်နိုင်ငံရှိ လုံခြုံရေး အခြေအနေတိုးတက်လာခဲ့သည်။
သို့သော်လည်း အိုင်အက်စ် အကြွင်းအကျန်များသည် မြို့ပြဒေသများ/သဲကန္တာရများနှင့် ကျောက်ဆောင် ထူထပ်သော ဒေသများတွင် ပျောက်ကွယ်သွားခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့များနှင့် အရပ်သားများအပေါ် မကြာခဏ ပြောက်ကျား တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို