၁၈ နိုဝင်ဘာ

အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ အမေရိကန်စစ်သား အရေအတွက် အနည်းဆုံးသာထားရှိမယ်လို့ ပန်တာဂွန် စစ်ဌာနချုပ်က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

ယာယီကာကွယ်ရေးဝန်ကြီး ခရစ်မီလာက နှစ်ပေါင်း ၂၀ နီးပါး နိုင်ငံခြားမှာချထားတဲ့ အမေရိကန်စစ်သားတွေကို ပြန်လည်ရုတ်သိမ်းသွားမှာဖြစ်ကြောင်း၊ အာဖဂန်ရှိ အမေရိကန်တပ်သား ၂,၀၀၀ နဲ့ အီရတ်ရှိ စစ်သား ၅၀၀ ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြန်လည်ခေါ်ဆောင်မှာဖြစ်ကြောင်း ပြောကြားပါတယ်။

ဝန်ကြီး မီလာက အခု လုပ်ဆောင်ချက်ဟာ ထရမ့်ရဲ့ ပေါ်လစီအရ အာဖဂန်နဲ့ အီရတ်နိုင်ငံတွေမှာ အောင်မြင်တဲ့ စစ်ပွဲပြီးမြောက်ပြီး တာဝန်ပြီးဆုံးတဲ့အတွက် အိမ်ပြန်ခေါ်တာဖြစ်ကြောင်း ပြောပါတယ်။

အခုကြေညာချက်ဟာ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ ထရမ့်ရှုံးနိမ့်ပြီး အိမ်ဖြူတော်ကနေ မထွက်ခွာခင် သီတင်းပတ် အနည်းငယ်အလိုမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ခက်ထန်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အခုကြေညာချက်ဟာ ကာကွယ်ရေးဝန်ကြီး မက်အက်စ်ပါကို ဝန်ကြီးအဖြစ်က ရုပ်သိမ်းပြီး ၁၀ ရက်အတွင်းမှာ ထွက်ပေါ်တာဖြစ်ပါတယ်။ အက်စ်ပါက အာဖဂန်မှာ အမေရိကန်တပ်သား ၄,၅၀၀ ကို ဆက်လက်ထားရှိရေး ပြောကြားသူဖြစ်ပါတယ်။ 

အမေရိကန်တပ်တွေ ပြန်လည်ခေါ်ထုတ်သွားခြင်းဟာ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ အမေရိကန်ထိပ်တန်း နိုင်ငံရေးသမားတွေက သိပ်ပြီးအန္တရာယ်ရှိကြောင်း ပြောဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော်ရဲ့ အများစုကိုယ်စားပြု ခေါင်းဆောင် မစ်ချ် မက်ကောနယ်က အာဖဂန်ကနေ အမေရိကန်တပ်တွေကို ပြန်ခေါ်ခြင်းဟာ ၁၉၇၅ ခုနှစ် အမေရိကန်တပ်တွေ ဗီယက်နမ်ကနေ ပြန်ခေါ်တဲ့ပုံစံက အရှက်ခွဲခံရပြီး ထွက်ခွာသွားတဲ့ပုံမျိုး ဖြစ်နေကြောင်း၊ အခုလို အမေရိကန်တပ်တွေ ထွက်ခွာသွားတာကို အစ္စလာမ် အစွန်းရောက်တွေက အောင်မြင်မှုပုံစံမျိုး ဝါဒဖြန့်ချိနိုင်ကြောင်း ပြောကြားပါတယ်။

နေတိုးအဖွဲ့ရဲ့ အကြီးအကဲက အာဖဂန်ဟာ နိုင်ငံတကာအကြမ်းဖက်သမားတွေ အခြေစိုက်ရာ ပြန်လည်ဖြစ်သွားနိုင်ပြီး အဲဒီကနေ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေ လုပ်လာနိုင်ကြောင်း သတိပေးပြောကြားပါတယ်။

အမေရိကန် ဆီးနတ်ရဲ့ လက်နက်ထောက်ပံ့ရေး ကောက်မတီဝင် ဂျက် ရီဒ် က ထရမ့်ဟာ အိမ်ဖြူတော်က မထွက်ခင်ဟာ နောက်တက်လာမယ့် ဘိုင်ဒန်ကို အရှုပ်တွေထားခဲ့သလိုမျိုး လုပ်ဆောင်နေတယ်လို့ ထရမ့်အား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

MDN

ကိုးကား - AFP