၂၈ ဇူလိုင်
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မြောက်ပိုင်း ဆလာဟူဒင်ပြည်နယ်ရှိ လေတပ်စခန်း တစ်ခုတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီး မီးအကြီးအကျယ် လောင်ကျွမ်းခဲ့သည်ဟု စစ်တပ်ဘက်က ပြောကြားခဲ့သည်။
ဘဂ္ဂဒက်မြောက်ပိုင်း ၁၇၀ ကီလိုမီတာအကွာ ဆလာဟူဒင်ပြည်နယ် မြို့တော် တီကရစ်မြောက်ပိုင်း လေတပ်စခန်းတွင် ဒေသစံတော်ချိန် ည ၁၁ နာရီက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အီရတ်ပူးတွဲ စစ်ဆင်ရေးဌာနချုပ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
လေကြောင်း တိုက်ခိုက်မှု ကာကွယ်ရေး အရပ်သားအဖွဲ့က ထိုပေါက်ကွဲမှု နှစ်ခုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပေါက်ကွဲမှုများသည် ခဲယမ်းမီးကျောက် သိုလှောင်ရုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထိုပြည်နယ်ရဲတပ်ဖွဲ့မှ မိုဟာမက် အယ်လ်ဘာဇီ က သတင်းထောက်များကို ပြောကြားခဲ့သည်။
ခဲယမ်းမီးကျောက်သိုလှောင်ရုံ ညံ့ဖျင်းမှုနှင့် အပူချိန်မြင့်မားမှုတို့ကြောင့် ဘဂ္ဂဒက်မြို့တောင်ပိုင်းရှိ အယ်လ်ဆကာ စစ်စခန်းရှိ ဖက်ဒရယ်ရဲတပ်ဖွဲ့၏ ခဲယမ်းမီးကျောက် သိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့တွင် ဆလာဟူဒင်ပြည်နယ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို