ရန်ကုန် ၊ အောက်တိုဘာ ၃၁
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံ ရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာနိုင်ငံသံရုံးများ နှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အီရတ်နိုင်ငံ၊ ဘဂ္ဂ္ဂဒက်မြို့၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသူ မခင်သက်မာဝင်းအား အမိနိုင်ငံသို့ အမြန် ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာရေးအဖွဲ့(IOM)နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် Baghdad – Shargah - Bangkok – Yangon ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၃၀ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံ သားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီ ကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)


