ဘဂ္ဂဒက် ဧပြီ ၄
အီရတ်နိုင်ငံ၏ ပြီးခဲ့သည့် မတ်လအတွင်း ရေနံတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၇ ဘီလီယံရှိခဲ့ကြောင်း၊ နှစ်ပေါင်း ၅၀ ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အီရတ်ရေနံဝန်ကြီးဌာနက ပြောကြားသည်။
အမြင့်ဆုံးတင်ပို့နိုင်ခဲ့
ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့ (အိုပက်) တွင် ရေနံဒုတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည့် အီရတ်နိုင်ငံသည် ရေနံစည်ပေါင်း ၁၀၀၅၆၃၉၉၉ စည် တင်ပို့ရောင်းချခဲ့ရာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၇ ဘီလီယံရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၁၉၇၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရေနံဝန်ကြီးဌာနက ပြောကြားသည်။
အီရတ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်းက နေ့စဉ် ရေနံစည်ပေါင်း ၃၃ သန်းကျော်တင်ပို့ခဲ့ပြီး ရေနံတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံရှိခဲ့ကြောင်း သိရသည်။ အီရတ်နိုင်ငံ ဝင်ငွေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်သည်လည်း ရေနံတင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းအား စစ်ဆင်ရေးဆင်နွှဲခဲ့ပြီးနောက် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံသည်လည်း ဆော်ဒီအာရေဗျနိုင်ငံပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယအများဆုံး ရေနံတင်ပို့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
ဆော်ဒီ ဦးဆောင်သော အိုပက်အဖွဲ့ဝင် ၁၃ နိုင်ငံ နှင့် အိုပက်အပေါင်းဟုခေါ်သော ရုရှားဦးဆောင်သည့် နိုင်ငံ ၁၀ နိုင်ငံတို့သည် ယခင်လများက ထုတ်လုပ်ခဲ့သည့် ရေနံစည်ပေါင်းထက် မေလအတွင်း တစ်ရက်လျှင် ရေနံစည် ၄၃၂၀၀၀ တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အလင်းသစ်