နိုဝင်ဘာ ၁၈

အီရတ်နိုင်ငံ၏မြောက်ပိုင်း  ဆူလာမနိရတ်ပြည်နယ်ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့က ဓာတ်ငွေ့သိုလှောင်ကန် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လေးဦးသေဆုံးပြီး အခြား ၁၀ ဦးခန့်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ဆူလာမနိရတ်ပြည်နယ် မြို့တော်နိမ့်ဆေ့ရှိ ကာဇီဝရပ်ကွက် နေအိမ်တစ်လုံးတွင် အပူပေးရန်အတွက် အသုံးပြုသည့်ဓာတ်ငွေ့ရည်ကန်တစ်ခု၏ ယိုစိမ့်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ထိုပြည်နယ်အုပ်ချုပ်ရေးမှူး ဟာဗယ်အဘာကာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

ထိုပေါက်ကွဲမှုဖြစ်ပွားသော သုံးထပ်နေအိမ်ပျက်စီးသွားပြီး ထိုအိမ်အတွင်းရှိလူလေးဦးသေဆုံးပြီး အခြား ၁၀ ဦးခန့်ဒဏ်ရာရရှိသွားသည်ဟု ၎င်းက သတင်းထောက်များအားပြောသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားစဉ်အတွင်း ထိုနေအိမ်တွင် လူပေါင်း ၂၀ ကျော်ရှိသဖြင့် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်းနှင့် အချို့သောသူများသည် ယင်းအပျက်အစီးများအောက်တွင် ပိတ်မိနေဖွယ်ရှိသည်ဟု ယူဆရကြောင်း ၎င်းကထပ်လောင်းပြောသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို