ဇွန် ၅
အီရတ်နိုင်ငံတစ်ဝန်းတွင် ၂၀၂၄ ခုနှစ်က ယာဉ်မတော်တဆဖြစ်မှုများကြောင့် လူပေါင်း ၂၇၁၉ ဦး သေဆုံးကြောင်း စီမံကိန်းဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါယာဉ်မတော်တဆဖြစ်ပွားမှုသည် ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်က ယာဉ်မတော်တဆမှု ၁၁၇၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၁၈၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
၂၀၂၃ ခုနှစ်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၀၁၉ ဦးရှိရာမှ ၂၀၂၄ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေလျော့ကျသွားသည်ဟု သိရသည်။ ယာဉ်မတော်တဆဖြစ်ပွားမှု၏ ၇၈ ရာခိုင်နှုန်းသည် ယာဉ်မောင်းသူ၏အမှားကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုဝန်ကြီးဌာနအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု အရေအတွက် လျှော့ချရန်အတွက် စဉ်ဆက်မပြတ်လုပ်ဆောင်ကာ အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်ရေးနှင့် တားဆီးကာကွယ်ရေး အစီအမံများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို