ရန်ကုန် စက်တင်ဘာ ၁၄
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အီရတ်နိုင်ငံ၊ အာဘေးမြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသူ Lal Lawm Tluangi နှင့် ရခိုင်တိုင်းရင်းသူ မစန္ဒီလင်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် ကာဒစ္စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရထံ သံတမန်စာပေးပို့၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ SEED Organization နှင့်ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် ၄င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့် (Exit permit) ရရှိခဲ့ရာ စက်တင်ဘာ ၁၂ ရက် တွင် Erbil – Istanbul – Bangkok – Yangon ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ်)


