ရန်ကုန် မတ်လ ၁၈
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာ နိုင်ငံသံရုံး များနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည် ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အီရတ်နိုင်ငံကို တွဲဖက်တာဝန်ယူဆောင်ရွက်သည့် ကိုင်ရိုမြို့ရှိ မြန်မာသံရုံး သည် အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မမြတ်ဝတ်ရည်အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် အီဂျစ်နိုင်ငံဆိုင်ရာ အီရတ် သံရုံး နှင့်လည်းကောင်း၊ အီရတ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာအဖွဲ့ (IOM)နှင့်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်က အီရတ်နိုင်ငံမှ Baghdad – Doha – Phnom penh – Yangon ခရီးစဉ်ဖြင့် ထွက်ခွာနိုင်ခဲ့ကာ မတ် ၁၇ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သားများ အမိနိုင်ငံသို့ပြန်လည်ထွက်ခွာနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ပတွင် အလုပ်လုပ် ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန် ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုး များက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူး တင်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး