အီရတ်နှင့်အဘက်ဘက်မှ ဆက်ဆံရေး တိုးမြှင့်ရန် အီဂျစ်လိုလား

ကိုင်ရို ၂၅ မတ်

 


အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒယ်ဖက်တက်အယ်စီစီသည် အီရတ်နိုင်ငံနှင့် အဘက်ဘက်မှ        ဆက်ဆံရေးပိုမိုတိုးမြှင့်လိုကြောင်း မတ် ၂၃ ရက်က  ပြောကြားခဲ့သည်။ အီရတ်ဝန်ကြီးချုပ်    အဒယ်အဗ္ဗဒူမက်ဒီက အီဂျစ်နိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ပြီးနောက်  သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အီဂျစ်သမ္မတ စီစီက  အခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ အီရတ်ဝန်ကြီးချုပ်၏  အလည်အပတ်ခရီးသည်နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ခိုင်မာသည့်    ရင်းနှီးချစ်ကြည်မှုရှိသည်ကို ပြသလျက်ရှိကြောင်း သမ္မတစီစီက ပြောကြားခဲ့သည်။

 


အီရတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ရာထူးလက်ခံရ ယူသည့်အချိန်မှစ၍ အီဂျစ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အီရတ်နိုင်ငံ၏ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန်နှင့် အီရတ်နိုင်ငံသားများအားလုံးအတွက် တိုင်းပြည်အသစ်တစ်ခုသဖွယ်   ပြန်လည်ထူထောင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အီဂျစ်သမ္မတက ပြောသည်။

 


မတ်လအကုန်တွင် တူနီးရှားနိုင်ငံ၌ အာရပ်ညီလာခံ ကျင်းပတော့မည်ဖြစ်ရာ  အခြားသောကိစ္စများကိုလည်း  ဆွေးနွေးခဲ့ကြကြောင်း အီဂျစ်-အီရတ်   ပူးတွဲကော်မတီအတွက် ပြင်ဆင်မှုများ စတင်ရန်လည်း သဘောတူခဲ့ကြကြောင်း စီစီကပြောသည်။ အီရတ်ဝန်ကြီးချုပ်ကလည်း အီရတ်နိုင်ငံသည်  အီဂျစ်နှင့်အတူပူးပေါင်းကာ ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး    မျှော်လင့်လျက်ရှိကြောင်း၊    အထူးသဖြင့် အိမ်ရာကဏ္ဍ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။    အီရတ်နိုင်ငံတွင် ရန်သူမရှိတော့သော်လည်း အကြမ်းဖက်တိုက်ဖျက်ရေး၊  ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စာမတတ်သူ      ပပျောက်ရေးနှင့် အလုပ်လက်မဲ့ရာခိုင်နှုန်း လျှော့ချရေးတို့အတွက် ရုန်းကန်ရဦးမည်ဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်က  ပြောသည်။

 


ဆင်ဟွာ