ဘဂ္ဂဒက် ဇူလိုင် ၁၃
အီရတ်နိုင်ငံ တောင်ဘက် ဒီကာပြည်နယ်ရှိ ကိုဗစ်-၁၉ ရောဂါလူနာများ ဆေးဝါးကုသမှုခံယူလျက်ရှိသည့်ဆေးရုံ တစ်ရုံ၌ ယမန်နေ့ညနေပိုင်းက ကြီးမားသောမီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၄၁ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်သတင်းအေဂျင်စီက ယနေ့ဖော်ပြထားသည်။
အဆိုပါမီးလောင်မှုသည် မြို့တော်ဘဂ္ဂဒက်မှ တောင်ဘက် ၃၇၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိသောဒီကာ ပြည်နယ်၏ မြို့တော် အယ်လ်နာဆီရီယာမြို့ရှိ အယ်လ်ဟူစိန်ဆေးရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ လူနာစောင့်ကြည့်ရေးစင်တာသို့ မီးလောင်မှု ကူးစက်ပျံ့နှံ့သွားကြောင်း သိရသည်။
သို့သော် ဒေသဆိုင်ရာမီးသတ်တပ်ဖွဲ့က ယင်းမီးလောင်မှုကို နောက်ပိုင်းတွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒီကာ ပြည်နယ် ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူအမ်မာအယ်လ်ဆာမီလီက ပြောကြားသည်။ ပြည်နယ်ကျန်းမာရေးဌာနသည် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် အီရတ်ဝန်ကြီးချုပ်မူစတာဖာအယ်လ်ကာဒီမီက ဆေးရုံမီးလောင်မှုနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးရန် ဝန်ကြီးအဖွဲ့နှင့် လုံခြုံရေးတပ်မှူးတို့နှင့် အတူ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အီရတ်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်အယ်ဟာလ်ဘူစီ၏ ပြောကြားချက်အရ ယနေ့ကျင်းပပြုလုပ်မည့် ပါလီမန် အစည်းအဝေးသည် ဆေးရုံမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အဓိကဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ