၁၄  မတ်

 

အခြားသော အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေလိုပဲ အီသီယိုးပီးယားက လေယာဉ်တစ်စင်းဟာလည်း ကမ္ဘာတစ်လွှားက ခရီးသည်တွေကို တင်ဆောင်လာခဲ့ပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေထဲမှာ ကင်ညာနိုင်ငံက ပါမောက္ခတွေပါသလို၊ အီသီယိုးပီးယားက အကူအညီပေးရေးလုပ်သားတွေ၊ နိုင်ဂျီးရီးယားက သံတမန်တွေနဲ့ ဗြိတိန်ကလာတဲ့ ငါးလုပ်ငန်းဆိုင်ရာအကြံပေးပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ထဲကတချို့ကတော့ လုပ်ငန်းခွင်ဆိုင်ရာလေ့ကျင့်မှုအတွက် ခရီးထွက်လာကြသူတွေပါသလို တချို့ကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့အတွက် လေယာဉ်စီးလာကြသူတွေလည်း ပါပါတယ်။ တချို့ကတော့မိမိတို့ရဲ့ နေရပ်ကို ပြန်ကြမယ့်သူတွေပါ။

 

မေးခွန်းထုတ်စရာဖြစ်လာခဲ့

 

ဒီလူတွေအားလုံးဟာ မတ် ၁၀ ရက်က ကောင်းကင်ပေါ်ပျံတက်ပြီး မကြာမီပျက်ကျသွားခဲ့တဲ့ အီသီယိုးပီးယား လေကြောင်းလိုင်း ၃၀၂ မှာ လိုက်ပါစီးနင်းခဲ့ကြတဲ့ ခရီးသည်တွေဖြစ်ပါတယ်။ အဒစ်အဘာဘာ မြို့ကနေ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကို ပျံသန်းစဉ် ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်း ၁၅၇ ဦးခန့် သေဆုံးခဲ့ပြီး ဘိုးရင်း ၇၃၇ မက်စ် ၈ မော်ဒယ်ရဲ့ လုံခြုံစိတ်ချရမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ မတ် ၁၁ရက်နံနက်မှာတော့ သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုမိုထုတ်ပြန်လာနိုင်ခဲ့ပြီး လူမှုကွန်ရက်မှာလည်း သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း စကားသံတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။ ကင်ညာနိုင်ငံကင်ယာတာ တက္ကသိုလ်အတွင်းမှာ ပညာရေး၊ ဆက်သွယ်ရေးနဲ့ နည်းပညာဌာနက ကထိကတစ်ဦးဖြစ်သူ Isaac Mwangi သေဆုံးသွားခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကြပါတယ်။

 

ဘောလုံးလောကအတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့

 

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူတွေအထဲမှာ အသက် ၅၂ နှစ်အရွယ် ကင်ညာနိုင်ငံ ဘောလုံးသင်ကြားရေး ကျောင်းရဲ့ကျောင်းအုပ်ဆရာကြီးဟောင်း တစ်ဦးလည်း ပါဝင်သွားခဲ့ပါတယ်။ ဒါဟာကင်ညာနိုင်ငံ ဘောလုံးလောကအတွက် ဝမ်းနည်းစရာ ကောင်းတဲ့နေ့တစ်နေ့ပါပဲလို့ ကင်ညာဘောလုံးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဘာရီအော်တီနိုက ပြောပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံအတွက်၊ ဘောလုံးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်အားကစားသမားကောင်းတွေ ပေါ်ထွက်လာစေဖို့ အစီအစဉ်တွေ အများကြီးရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

 

ကင်ညာနိုင်ငံသား ၃၂ ဦး သေဆုံး

 

အခုလေယာဉ်ပျက်ကျသွားတဲ့အထဲမှာ ကင်ညာနိုင်ငံသား ၃၂ ဦး ပါဝင်တာကို တွေ့ရပါတယ်။ အကူအညီပေးရေး လုပ်သားတွေလည်း သေဆုံးသွားသူတွေအထဲမှာ ပါဝင်ခဲ့ပါတယ်။ ကက်သလစ် သက်သာချောင်ချိရေး ဝန်ဆောင်မှု ပေးရေးအဖွဲ့က လုပ်သားလေးဦးဖြစ်ပြီး သူတို့ဟာ နိုင်ရိုဘီမြို့မှာ သင်တန်းသွားတက်ဖို့အတွက် လေယာဉ်စီးခဲ့ကြတာ ဖြစ်ပါတယ်။ အီသီယိုးပီးယား လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူတွေအထဲမှာ အာဖရိကဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင်အတွက် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ မစ္စတာ အဘရိုဒမ်အော်လူရီ မီဘတ်ရှ်ဝါ ပါဝင်ခဲ့တယ်လို့၊ နိုင်ဂျီးရီးယားအစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။ သူဟာနိုင်ဂျီးရီးယား နိုင်ငံခြားရေးဌာနမှာ ၁၉၇၆ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဩစတြီးယား၊ အိုင်ဗရီကို့စ်၊ အီရန်နိုင်ငံတို့ အပါအဝင် အခြားနိုင်ငံတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ သူဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့မှာလည်း တာဝန်ထမ်းဆောင်ဖူးပြီး ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

 

တခြားနိုင်ငံသားများလည်းသေဆုံး

 

လေယာဉ်ပျက်ကျတဲ့အထဲပါသွားတဲ့ လူတွေထဲမှာ စပိန်နိုင်ငံက အသက် ၄၆ နှစ်အရွယ် ဂျော်ဒီဒယ်မျူဆေရိုလ်လည်း ပါပါတယ်။ သူဟာ ဓာတုအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး နောက်ထပ်စပိန်နိုင်ငံသား တစ်ဦးကတော့ မာတင်နိုက်ဇ်ဒိုကမ်ပိုပဲ ဖြစ်ပါတယ်။ သူကတော့ကင်ညာနိုင်ငံက ကလေးတွေကို ဘာသာစကား သင်ကြားပေးဖို့ကင်ညာနိုင်ငံကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျ ပြီးတစ်ရက်အကြာမှာတော့ နိုင်ရိုဘီမြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးမှာတော့ အားလုံးဟာ မရွှင်မပျဖြစ်နေကြပါတယ်။ ကုလသမဂ္ဂသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံကျင်းပဖို့အတွက် နိုင်ငံရေးသမားတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးအတွက် စုဝေးခဲ့ကြပြီး လူအချို့ဟာ လေယာဉ်ပေါ်ပါသွားခဲ့ပါတယ်။ အဲဒီအစည်းအဝေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကထားပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ လွဲမှားသော စီမံခန့်ခွဲမှုတွေ၊ ဆင်းရဲမွဲတေမှု၊ သဘာဝ အရင်းအမြစ်တွေအစရှိတာတို့အတွက် ရည်ရွယ်ပြီး ကျင်းပတဲ့အစည်းအဝေးလည်း ဖြစ်ပါတယ်။

 

အလံတစ်ဝက်လွှင့်ထူ

 

လေယာဉ်ပျက်ကျတဲ့အထဲပါသွားတဲ့ ခရီးသည်တွေအထဲမှာ ၂၂ ဦးဟာ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေက ဖြစ်ကြပါတယ်။ လေယာဉ်ပျက်ကျတဲ့ အထဲပါသွားတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့ပါတယ်။ သေဆုံးသွားတဲ့သူတွေအတွက် ရည်ရွယ်ပြီး မတ် ၁၁ ရက်က ကုလသမဂ္ဂရုံးတွေမှာ အလံတိုင်တစ်ဝက် လွှင့်ထူထားဖို့ဝန်ထမ်းတွေကို မှာကြားထားတယ်လို့လည်း သိရပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း သူတို့ဆီက ဝန်ထမ်းခုနစ်ဦးဟာ လေယာဉ်ပျက်ကျတဲ့အထဲကို ပါသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ စစ်ကြောင့် သို့မဟုတ် နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ဆာလောင်မွတ်သိပ်မှုတွေကို ပပျောက်အောင် ကူညီပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

 

ကုလသမဂ္ဂမှ ဝန်ထမ်းများလည်းပါသွား

 

အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အတွက် အလုပ်လုပ်ကိုင်နေသူ နီပေါနိုင်ငံသား အကတာအက်ဒီကာရီလည်း သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီကတော့ သူတို့ဆီက ဝန်ထမ်းသုံးဦးဟာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ပါပြီလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲဒီသုံးဦးကတော့ ဆူဒန်နိုင်ငံ နာဒီရာအေဒင်၊ အေဘာကာအလီ၊ ကနေဒါနိုင်ငံက ဂျက်ဆီကာဟိုင်ဘာနဲ့ရဝမ်ဒါနိုင်ငံက ဂျက်ဆွန်မူဆွန်နီတို့ပဲ ဖြစ်ကြပါတယ်။ မစ္စအလီကတော့ ခင်ပွန်းသည်နဲ့ ခြောက်နှစ်အရွယ် ကလေးတစ်ဦးရှိပြီး ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာဆူဒန်နိုင်ငံပဋိပက္ခအတွင်း ထွက်ပြေးလာကြတဲ့ ပြည်သူတွေကို အကူအညီပေးနေသူလည်း ဖြစ်ပါတယ်။ မစ္စဟိုင်ဘာကတော့ သမီးနှစ်ဦးရဲ့ မိခင်တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစကာ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ မစ္စတာမူဆွန်နီမှာတော့ကလေးသုံးဦး ရှိပါတယ်။

 

ညီလာခံအတွက်ခရီးထွက်လာ

 

သေဆုံးသူတွေထဲက အခြားသူတွေကတော့ ကုလသမဂ္ဂအစီအစဉ်အတွက် ခရီးထွက်လာခဲ့ကြတာပါ။ အဲဒီခရီးစဉ်မှာပဲ လေယာဉ်ပျက်ကျတဲ့အထဲ ပါဝင်သွားခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့အတွက် ကနေဒါနိုင်ငံက ထွက်ခွာလာတဲ့ လူငယ်ကိုယ်စားလှယ်လေးဦးဟာလည်း လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ ရပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ စတက်ဖန်နီလာကိုစီဖြစ်ပြီး သူဟာအော့တဝါ တက္ကသိုလ်ကနေ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာအရပ်ရပ်ကနေ အီသီယိုးပီးယား လေယာဉ်ပျက်ကျသွားမှုအတွက် ဝမ်းနည်းကြောင်း စာလွှာတွေ ပေးပို့နေကြပြီး သေဆုံးသွားတဲ့အထဲမှာ ပါဝင်သွားတဲ့လူတွေရဲ့ မိသားစုဝင်တွေကတော့ ဖြေမဆည်နိုင်အောင် ဖြစ်နေကြမှာ အမှန်ပါပဲ ။ ။

 

ခြူးစန္ဒီနွေး

 

ကိုးကား - နယူးယောက်တိုင်းမ်