၂၄ ဒီဇင်ဘာ

 

 

အီသီယိုပီးယားနိုင်ငံ အနောက်ပိုင်းတွင် မကြာသေးမီက လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု အီသီယိုပီးယား ဖက်ဒရယ် လူ့အခွင့်အရေး အဖွဲ့က ယမန်နေ့ နှောင်းပိုင်းက အတည်ပြုပြောကြားခဲ့သည်။

 

 

ထိုတိုက်ခိုက်မှုသည် အနောက်ပိုင်း ဘီနစ်အန်ဂယ်လ်-ဂူမူဇ် ပြည်နယ် မတ်တီကယ်ဇုန် ဘီကိုဂျီ ကျေးရွာတွင်  အင်္ဂါနေ့ ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

လက်နက်ကိုင်ဆောင်ထားသူများက ဒေသခံများ အိပ်ပျော်နေစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီသီယိုပီးယား ပါလီမန်တည်ထောင်သော ဖက်ဒရယ် လူ့အခွင့်အရေးအုပ်စု၊ လူ့အခွင့်အရေး ကော်မရှင် (အီးအိတ်ချ်အာစီ)က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

အဆိုပါ ဖြစ်ရပ်သည် ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများကို ပိုမိုဆိုးရွားလာစေသည်ဟု ကော်မရှင်က သတိပေးပြောကြားခဲ့သည်။

 

 

စုံစမ်းစစ်ဆေးချက်များအရ ထိုဒေသအနီးဝန်းကျင်တွင် ရဲတပ်ဖွဲ့များ မရှိကြောင်း ထိုကော်မရှင်က ပြောကြားသည်။

 

 

ထိုလူ့အခွင့်အရေး အဖွဲ့က ယင်းတိုက်ခိုက်ခံရသူများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများထံသို့ ဆေးဝါးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ထောက်ပံ့ပေးရေးကိုလည်း တောင်းဆိုခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို