အဒစ္စအဘာဘာ မေ ၃
ကမ္ဘာတစ်ဝန်းချိတ်ဆက်မှုများကို ဖော်ဆောင်ပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးလျက်ရှိသော အီသီယိုးပီးယားလေကြောင်းလိုင်းသည် လုပ်ငန်းလည်ပတ်မှုနှစ်ပေါင်း (၈၀)ပြည့်အခမ်းအနားကို မေ ၁ ရက်တွင် ကျင်းပခဲ့ကြောင်း လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် မက်ဖင်းတာဆူးက ပြောသည်။
၁၉၄၆ ခုနှစ်တွင် စတင်
အီသီယိုးပီးယား လေကြောင်းလိုင်းသည် ၁၉၄၆ ခုနှစ် ဧပြီလတွင် Douglas C 47 လေယာဉ်ငါးစင်း ဖြင့် ပျံသန်းပြေးဆွဲမှုများကို စတင်ခဲ့ကြောင်း၊ ပထမဆုံးခရီးစဉ်မှာ အီသီယိုးပီးယားနိုင်ငံ၏ မြို့တော် အဒစ္စအဘာဘာမြို့မှ အီဂျစ်နိုင်ငံ၏မြို့တော် ကိုင်ရိုမြို့သို့ ပျံသန်းပြေးဆွဲသည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
အာဖရိက၏ အကြီးဆုံးလေကြောင်းလိုင်းအဖြစ် ရပ်တည်
အီသီယိုးပီးယား အမျိုးသားလေကြောင်းလိုင်းသည် ယခုအခါ တိုက်ကြီးငါးတိုက်သို့ တိုးချဲ့ပျံသန်းပြေးဆွဲလျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံတကာခရီးစဉ်လမ်းကြောင်း ၁၄၅ ခုသို့ ဝန်ဆောင်မှုပေးလျက်ရှိပြီး အာဖရိက၏ အကြီးဆုံးနှင့် ဂုဏ်သတင်းကျော်ကြားမှုအရှိဆုံး လေကြောင်းလိုင်းအဖြစ် ရပ်တည်လျက်ရှိကြောင်း မေ ၁ ရက်တွင် ကျင်းပခဲ့သည့် လေကြောင်းလိုင်း နှစ် (၈၀)ပြည့် အခမ်းအနားတွင် တာဆူးက ပြောသည်။
ကိုင်ရိုမြို့သို့ ပျံသန်းပြေးဆွဲသည့် ခရီးစဉ်တစ်ခုတည်းဖြင့် စတင်ခဲ့ရာမှ ယခုဆိုလျှင် တိုက်ကြီး ငါးတိုက်ရှိ ခရီးစဉ်လမ်းကြောင်း ပေါင်း ၁၄၅ ခုအထိ ချိတ်ဆက်ပျံသန်းပြေးဆွဲနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုအဖြစ် တိုးချဲ့နိုင်ခဲ့ပြီဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ခေတ်မီ လေယာဉ် ၁၄၇ စင်းဖြင့် လည်ပတ်
အီသီယိုးပီးယားလေကြောင်းလိုင်းသည် Boeing 787 Dreamliners နှင့် Airbus A350 aircraft လေယာဉ်များအပါအဝင် ခေတ်မီလေယာဉ် ၁၄၇ စင်းဖြင့် လည်ပတ်လျက်ရှိသည်ဟု ဆိုသည်။
ဆင်ဟွာ


