ဂျီနီဗာ နိုဝင်ဘာ ၇

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အီသီယိုပီးယားတွင် ဖြစ်ပေါ်နေသည့် ကြောက်မက်ဖွယ်ပဋိပက္ခများကြောင့် စိုးရိမ်မိကြောင်းပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုခဲ့သည်။

ယခုလအတွက် လုံခြုံရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ကုလသမဂ္ဂဆိုင်ရာ မက္ကဆီကို သံအမတ်ကြီး ဂျူအန်းရေမွန်ဒီလာဖလန်တီက နိုဝင်ဘာ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ အီသီယိုးပီးယားအစိုးရတပ်များနှင့် နိုင်ငံ၏မြောက်ပိုင်း ဒေသကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားအင်အားစုတို့ကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။ အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်းဒေသတွင် အစိုးရတပ်များနှင့် တိုက်ပွဲများပြင်းထန်နေသည့်အပေါ် အလွန်အမင်း စိုးရိမ်မိသည်ဟု ကြေညာချက်တွင် ပါရှိသည်။ ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် အမျိုးသားဆွေးနွေးပွဲပြုလုပ်ရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အခြေခံအုတ်မြစ်ချရန်လည်း တောင်းဆိုထားသည်။

အီသီယိုပီးယားနိုင်ငံ၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပဋိပက္ခများ၏ အကျိုးဆက်များ သက်ရောက်လာမည်ကိုလည်း အလွန်အမင်းစိုးရိမ်မိသည်ဟု လုံခြုံရေးကောင်စီက ဖော်ပြခဲ့သည်။ အဒစ်အဘာဘာမြို့ရှိ အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားများကို အီသီယိုပီးယားနိုင်ငံမှ ထွက်ခွာကြရန် အကြံပေးထားသည်။

ဆင်ဟွာ