အဒစ်အဘာဘာ   အောက်တိုဘာ   ၁၆

အီသီယိုးပီးယားနိုင်ငံသည် ဇူလိုင် ၈ ရက်မှ စတင်ခဲ့သည့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဒီဘူဂျီ၊ ကင်ညာနှင့် ဆူဒန်နိုင်ငံများသို့ စွမ်းအင်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၈၂ သန်း ဝင်ငွေရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံသည်   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တန်ဇန်းနီးယားနိုင်ငံသို့     စွမ်းအင်တင်ပို့မှု စတင်ရန်   မျှော်လင့်ထားကြောင်းလည်း သိရသည်။   အီသီယိုးပီးယားနိုင်ငံသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စွမ်းအင်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၀၂ သန်းဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

အီသီယိုးပီးယားလျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၌ စွမ်းအင်နှင့်    ဆက်စပ်သော   လုပ်ငန်းဆောင်တာများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၅၈ ဒသမ ၅ သန်းဝင်ငွေရရှိရန် မျှော်မှန်းထား ကြောင်း အီသီးယိုးပီးယားလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ   ဆက်သွယ်ရေး ညွှန်ကြားရေးမှူး မီကိုနင်က ပြောကြားသည်။

အီသီယိုးပီးယား၏ စွမ်းအင်တင်ပို့မှုသည် လျှပ်စစ်အခြေခံအဆောက် အအုံမှတစ်ဆင့် အရှေ့အာဖရိက ဒေသ စီးပွားရေးကို မြှင့်တင်နိုင်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံ အစိုးရ သည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားတင်ပို့မှုမှတစ်ဆင့် ၁၀ နှစ်တာကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၄၀၀ အထိ ဝင်ငွေတိုးမြှင့်ရရှိရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်