အဒစ်အဘာဘာ၊ ဖေဖော်ဝါရီ ၂၀
အီသီယိုးပီးယားနိုင်ငံရှိ ကလေးငယ် ၁၀ ဒသမ ၈ သန်းသည် ၂၀၂၄ ခုနှစ်တွင် အရေးပေါ်လူသားချင်း စာနာမှုအကူအညီများ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ အီသီယိုးပီးယား လူသားချင်းစာနာမှု အခြေအနေဆိုင်ရာ နောက်ဆုံး အစီရင်ခံစာတွင် ကုလသမဂ္ဂအေဂျင်စီက ကလေးငယ် ၁၀ ဒသမ ၈ သန်းခန့် အပါအဝင်အနည်းဆုံး လူဦးရေ သန်း ၂၀ သည် ၂၀၂၄ ခုနှစ်တွင် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများလိုအပ်နေကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံ၌ ကြုံတွေ့နေရသော အကျပ်အတည်းများ၏ ဆိုးရွားသော အကျိုးဆက်များကို ရှောင်ရှားနိုင်ရန်နှင့် အခြေခံစားနပ်ရိက္ခာလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အမေရိကန်ဒေါ်လာ ၅၃၅ သန်း လိုအပ်လျက်ရှိကြောင်းလည်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ပြောကြားခဲ့သည်။
ထို့ပြင် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ ကလေးများအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုအပ်နေသော မိသားစုများအတွက် သန့်ရှင်းသောရေများ ပေးဆောင်ရန် ရန်ပုံငွေများ လိုအပ်နေကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ဆိုသည်။
လတ်တလောဖြစ်ပွားနေသော မိုးခေါင်ရေရှားမှု၊ ပဋိပက္ခနှင့် ရောဂါကူးစက်မှုများသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရေကြီးရေလျှံမှုဆိုင်ရာ ကိစ္စရပ်များကြောင့် လိုအပ်ချက်များ တိုးမြင့်လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်