အီတလီအသင်း ပယ်နယ်တီအဆုံးအဖြတ်ဖြင့် စပိန်ကို အနိုင်ယူပြီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်နိုင်ခဲ့

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အီတလီ အသင်းနှင့် စပိန်အသင်းတို့ပွဲစဉ်ကို ဇူလိုင် ၇ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ သာမန်ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေသော ကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။ ပယ်နယ်တီအဆုံးအဖြတ်တွင် အီတလီအသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲသို့အသင်း သမိုင်းတစ်လျှောက် လေးကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။

နည်းပြ မန်စီနီ၏ အီတလီအသင်းသည် ယနေ့ပွဲစဉ်တွင် ပြီးခဲ့သည့်ပွဲစဉ်မှ အနိုင်ရရှိသည့် ကစားသမား စာရင်းကို တစ်ဦးသာ အပြောင်းအလဲပြုလုပ်ပြီး စပိန်အသင်းကို ရင်ဆိုင်လာခဲ့သည်။ နည်းပြ အင်းနရစ် ၏ စပိန်အသင်းက ပြီးခဲ့သည့်ပွဲစဉ်မှ ကစားသမားစာရင်းကို သုံးဦးအထိ အပြောင်းအလဲပြုလုပ်ပြီး အီတလီအသင်းကို ရင်ဆိုင်လာခဲ့သည်။ အီတလီအသင်းရော စပိန်အသင်းပါ ယခုပွဲစဉ်တွင် ရလဒ်ကောင်းရရှိပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ရေးအတွက် အတောင့်တင်းဆုံးကစားသမား များဖြင့် ပွဲထွက်လာခဲ့သည့်အတွက် ပွဲမှာအကြိတ်အနယ် ရှိခဲ့သည်။

ပထမပိုင်းပွဲချိန်အတွင်း နှစ်သင်းစလုံး ဂိုးရရှိရေးထက် အမှားမခံရေးကိုသာ အဓိကထား ကစား လာသည့်အတွက် ပွဲမှာ အနည်းငယ်အေးစက်ခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားလာသည့်အတွက် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ဦးဆောင်ဂိုးကို အီတလီအသင်းက ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၆၀ တွင်  အင်မိုဘီလီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ချီယေဆာက သွင်းယူပေးနိုင်ခဲ့သည်။

စပိန်ချေပဂိုး

ထို့နောက်ပိုင်း စပိန်အသင်းသည် ကစားကွက် အပြောင်းအလဲအဖြစ် မိုရာတာ၊ မိုရီနို၊ ရိုဒရီတို့ကို ထည့်သွင်း အသုံးပြုခဲ့သည်။ လူစားအပြောင်းအလဲပြုလုပ်ပြီးနောက် စပိန်အသင်း ကစားအားတက်လာပြီး ချေပဂိုး ရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ပွဲချိန်မိနစ် ၈၀ တွင် အိုလ်မို၏ ဖန်တီးပေးမှုမှ တစ်ဆင့် လူစားဝင်ကစားသမား မိုရာတာက သွင်းယူပေးနိုင်ခဲ့သည်။

ထို့နောက် ပွဲချိန်ပြီးဆုံးသည်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။ ပယ်နယ်တီအဆုံးအဖြတ်တွင် အီတလီအသင်းမှ လိုကာတယ်လီ တစ်ဦး သာ လွဲချော်ခဲ့ပြီး စပိန်အသင်းက အိုလ်မို၊ မိုရာတာတို့ လွဲချော်ခဲ့သောကြောင့် အီတလီအသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။

အီတလီအသင်းသည် ယနေ့ ပွဲစဉ်တွင် စပိန်အသင်းကို ပယ်နယ်တီဖြင့် အနိုင်ယူကာ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းမှာ အသင်းသမိုင်းတစ်လျှောက် လေးကြိမ်မြောက် တက်ရောက်နိုင်ခြင်း ဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင်သာ ဖလားဆွတ်ခူးနိုင်ခဲ့ကာ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ဒုတိယ ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် အီတလီအသင်းသည် ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို အနိုင်ယူကာ ဖလားဆွတ်ခူးပြီး ယူရိုဖလားကို နှစ်ကြိမ်မြောက် ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။

ဇူလိုင် ၁၂ ရက် ဗိုလ်လုပွဲ

အီတလီအသင်းသည် ယူရိုပြိုင်ပွဲဗိုလ်လုပွဲတွင် ဒိန်းမတ်နှင့် အင်္ဂလန်အသင်းတို့ထဲမှ အနိုင်ရရှိမည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အဆိုပါ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အောင်ဇော်