၂၈  ဧပြီ

အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက အီတလီ စီးရီးအေအသင်းများအနေဖြင့် လာမည့် မေ ၄ ရက်တွင် တစ်ဦးချင်း လေ့ကျင့်မှုနှင့် မေ ၁၈ ရက်တွင် အသင်းလိုက် လေ့ကျင့်မှုများ ပြန်လည်စတင်နိုင်မည်ဟု အတည်ပြု ပြောကြားလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပွဲစဉ်များကို မေ ၂၇ ရက်နှင့် ဇွန် ၂ ရက်ကြားတွင် ကျင်းပနိုင်ဖွယ်ရှိနေပြီး ဩဂုတ်လ အစောပိုင်းတွင် ရာသီပြီးဆုံးရန် မျှော်လင့်နေကြောင်း ဖော်ပြထားသည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီ ၂၇ ရက်အထိ သေဆုံးသူ နှစ်သောင်း ခြောက်ထောင်ကျော်ရှိပြီး ထိုပမာဏသည် ဥရောပနိုင်ငံတစ်နိုင်ငံ တွင် အမြင့်မားဆုံးပမာဏလည်းဖြစ်သည်။ သေဆုံးမှုနှုန်းသည် မတ် ၁၄ ရက် နောက်ပိုင်း အနည်းဆုံးသို့ ရောက်ရှိလာသည်။

အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက “ကစားသမားတွေအနေနဲ့ မေ ၄ ရက်မှာ တစ်ဦးချင်းလေ့ကျင့်မှု စတင်နိုင်မှာဖြစ်ပြီး အုပ်စုလိုက် လေ့ကျင့်မှုကိုတော့ မေ ၁၈ ရက်တွင် လေ့ကျင့်နိုင်မယ်။ အဲဒီနောက် ရပ်နားထားတဲ့ ပြိုင်ပွဲတွေပြီးဆုံးအောင် ကျင်းပသွားနိုင်မလားဆိုတာ အကဲဖြတ်သွားမှာပါ” ဟု ပြောကြားလိုက်သည်။ “ပြီးဆုံးအောင် လုပ်နိုင်မယ်ဆိုရင် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ဟာ အားကစားနဲ့ပတ်သက်ရင် ချစ်ခင်နှစ်သက်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အားကစားသမားတွေကို ဖျားတာ၊ နာတာ မဖြစ်စေချင်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) သည် ကစားသမားများ အန္တရာယ်ကင်းကင်းနှင့် လေ့ကျင့်ခန်းဆင်းနိုင်ရန် အတွက် မေလအစပိုင်းတွင် ဗိုင်းရပ်စ် ရှိမရှိ စတင်စစ်ဆေးရန် မျှော်လင့်ထားကြောင်း သိရသည်။

စီးရီးအေပြိုင်ပွဲသည် မတ် ၉ ရက်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားခြင်းဖြစ်သည်။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် ၂၆ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၆၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိနေသည်။ ၎င်းနောက်တွင် ရမှတ် ၆၂ မှတ်ဖြင့် လာဇီယိုအသင်းက ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် အင်တာမီလန်အသင်းက ရမှတ် ၅၄ မှတ်ဖြင့် ရပ်တည်နေသည်။

အောင်ဇော်