အီတလီကလပ် ရိုးမားအသင်းက ဝုဖ်ဂိုးသမား ပက်ထရစ်စီယိုကို ခေါ်ယူ

ပရီမီယာလိဂ်ကလပ် ဝုဖ်အသင်းမှ ဂိုးသမား ပက်ထရီစီယိုသည် စီးရီးအေကလပ် ရိုးမားအသင်းထံသို့ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၃၃ နှစ်အရွယ် ပက်ထရစ်စီယိုသည် ရိုးမားအသင်းထံသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၉ ဒသမ ၈ သန်းနှင့်အတူ သုံးနှစ် စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဝုဖ်အသင်းကလည်း အဆိုပါ ဂိုးသမား၏ နေရာကို အိုလံပီယာကော့စ်အသင်းမှ ဂိုးသမား ဂျို့စ်ဆာဖြင့် အစားထိုးရန် ချိန်ရွယ်နေကြောင်း သိရသည်။ ပေါ်တူဂီ ဂိုးသမားဖြစ်သူ ပက်ထရစ်စီယိုသည် နည်းပြသစ် မော်ရင်ဟို ရိုးမားအသင်းကို တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ခေါ်ယူသည့် ကစားသမား ဖြစ်လာခဲ့သည်။ ပက်ထရစ်စီယိုသည် ရိုးမားအသင်းသို့ ပြောင်းရွှေ့ပြီးနောက် နည်းပြသစ် မော်ရင်နှင့် ပတ်သက်ပြီး “မော်ရင်ဟိုဟာ ကမ္ဘာမှာ အကောင်းဆုံးနည်းပြ တွေထဲက တစ်ဦးပါ။ ဒါကြောင့် သူနဲ့တွဲပြီး အလုပ်လုပ်ရမှာ စိတ်လှုပ်ရှားပါတယ်” ဟု ပြောကြားသည်။

ပက်ထရစ်စီယိုသည် ၂၀၁၈ ခုနှစ်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ ဝုဖ်အသင်းသို့ ပြောင်းရွှေ့ ရောက်ရှိ လာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၂၇ ပွဲ အထိပါဝင်ကစားခွင့်ရရှိထားသည့် ဂိုးသမားတစ်ဦး ဖြစ်သည်။ ၎င်းသည် ပေါ်တူဂီအသင်းနှင့်အတူ ၂၀၁၆ ခုနှစ်တွင် ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ် ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း ၁၆ သင်း အဆင့်သို့ ရောက်ရှိခဲ့သည်။

ပရီမီယာလိဂ်ကလပ်အာဆင်နယ်အသင်းသည် အသင်းမှ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သူ စမစ်ရိုဝီအား အက်စ်တွန်ဗီလာအသင်း၏ ကမ်းလှမ်းမှုနှစ်ကြိမ်ကို ပယ်ချလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုပါကစားသမားသည် အာဆင်နယ်အသင်း၌ စာချုပ်သစ်နှင့် ပတ်သက်၍ ဆွေးနွေးလျက်ရှိပြီး အသင်းနည်းပြ အာတီတာက ရိုဝီအနေဖြင့် အသင်းတွင် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်သည်။

၎င်းသည် အာဆင်နယ်အသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေသေးကြောင်း သိရသည်။

ချယ်ဆီးအသင်းသည် ဘာစီလိုနာအသင်းမှ ဂရစ်ဇ်မန်းကို အငှားဖြင့် ခေါ်ယူလိုနေကြောင်း သိရသည်။ ချယ်ဆီးအသင်းနည်းပြ တူချယ်သည် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီးနောက် ဂရစ်ဇ်မန်း၊ ဟာလန်း တို့အပါအဝင် နာမည်ကြီး ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

အောင်ဇော်