ရန်ကုန်  ၁၂  ဇန်နဝါရီ

အီတလီနိုင်ငံ Veneto ဒေသ Porto  Viro မှ ခရီးသည် ၄ ဦးပါ စက်ဘီးအဖွဲ့ ခရီးစဉ်အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

717

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်နှင့် တာဝန်ရှိသူများက စက်ဘီးစီးခရီးစဉ်ကို ကြိုတင်သိရှိနိုင်ရန်၊ လမ်းခရီးတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရှေးပြေးမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီစဉ်မှုများအပါအဝင် အခြားသော လိုအပ်သည်များကို ဝိုင်းဝန်ပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်ပါရန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

722

 

အီတလီနိုင်ငံ Veneto ဒေသ Porto  Viro မှ ခရီးသည် ၄ ဦးပါ စက်ဘီးအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက်မှစတင်၍ ၂၁ ရက်နေ့အထိ မန္တလေး၊ အမရပူရ၊ မြင်းခြံ၊ ပုဂံခရီးစဉ်ကို လည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ အင်းလေး၊ ပင်းတယ၊ ကလော၊ အောင်ပန်း၊ ရမည်းသင်း၊ နေပြည်တော် ခရီးစဉ်ကို လည်းကောင်း၊ စက်ဘီးများစီး၍ လည်ပတ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
 
MDN