၂၃ ဧပြီ

အီတလီ အားကစားဝန်ကြီးက အီတလီဘောလုံးကလပ်အသင်းတွေ ပြန်လည်လေ့ကျင့်ခွင့်ပေးမယ့် ရက်ကို ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ် လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ 

 

ဝန်ကြီး က အီတလီဘောလုံးအသင်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ အီတလီဘောလုံးဖက်ဒရေးရှင်းက အကြီးအကဲတွေ၊ အားကစားသမားတွေ၊ ဆရာဝန်တွေ နဲ့ မနေ့က ဗီဒီယိုကနေ နှစ်နာရီကြာ ဆွေးနွေးပြီး အခုလို ပြောကြားတာဖြစ်ပါတယ်။ 

 

မေလ ၄ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေရဲ့ စောင့်ကြည့်မှုအောက်ကနေ အုပ်စုအငယ်လေးတွေ ဖွဲ့ပြီး ပြန်လည်လေ့ကျင့်ခန်း လုပ်ဆောင်နိုင်မယ်လို့ခန့်မှန်းထားကြောင်း သိရပါတယ်။ အီတလီနိုင်ငံ ဘောလုံးပွဲတွေကို မတ် ၁၀ ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

 

ဘောလုံးပွဲစဉ်တွေဟာ မေလကုန် သို့မဟုတ် ဇွန်လဆန်းမှာ စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

 

အားကစားဝန်ကြီးက အားကစားဟာ နိုင်ငံရဲ့ စီပွားရေးအရ အရေးပါသလို လူမှုရေးအရပါ တန်ဖိုးရှိတဲ့အတွက် ပွဲစဉ်တွေ ပြန်စဖို့ အရေးကြီးကြောင်း ပြောပါတယ်။ 

 

အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါကြောင့် လူပေါင်း ၂၄,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

 

MDN
ကိုးကား - AFP