ဗာရိုနာ  ဖေဖော်ဝါရီ  ၂၃

မီလန်နိုကော်တီနာ ၂၀၂၆ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က အီတလီနိုင်ငံမြောက်ပိုင်း  ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗာရိုနာမြို့၌ ကျင်းပသည်။

အဆိုပါပိတ်ပွဲအခမ်းအနားကို ရောမစက်ဝန်းပုံ ဇာတ်ရုံ ဗာရိုနာအာရီနာ၌ ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် စတင်ခဲ့သည်။ ပြိုင်ပွဲတွင်ပါဝင်ခဲ့သည့် ကိုယ်စားပြုနိုင်ငံနှင့်  ဒေသများ၏  အလံများကို ကိုင်ဆောင်ထားသည့်  အားကစားသမားများနှင့် စေတနာ့ဝန်ထမ်းများသည် ပိတ်ပွဲအခမ်းအနား ကျင်းပရာ  ဇာတ်ရုံထဲသို့  ချီတက်ဝင်ရောက်လာခဲ့ကြသည်။ ထိုသို့ ဝင်ရောက်လာသူများထဲတွင် ငွေတံဆိပ် နှစ်ခုရရှိခဲ့သည့် ဂျပန်အမျိုးသမီး အလှပြစကိတ်အားကစားမယ် ဆာကာမိုတို ကာအိုရီနှင့် ဂျပန်အမျိုးသား အမြန်စကိတ်စီးအားကစားသမား မိုရီရှီဂီဝါတာရူတို့ ပါဝင်ခဲ့ကြသည်။

ထို့နောက် ဂျပန်နှင့် အီတလီ နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းလာသည့်  အဖွဲ့ဝင်  ၅၀  ခန့် ပါဝင်သည့် ဂျပန်အသင်းအပါအဝင်  အားကစားသမားများ လိုက်ပါလာခဲ့သည်။

"Beauty in Action" ဟု အမည်ပေးထားသည့် ပိတ်ပွဲအခမ်းအနားတွင် အော်ပရာပြဇာတ်နှင့်အတူ သီချင်းနှင့် အကဖျော်ဖြေမှုများ ပါဝင်ဖျော်ဖြေခဲ့ကြသည်။  French Alps ၂၀၃၀ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြင်သစ်နိုင်ငံနှင့်‌ဒေသများမှ ကိုယ်စားလှယ်များထံ အိုလံပစ်အလံအား လွှဲပြောင်းပေးအပ်ခဲ့သည်။ မသန်စွမ်းဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲများကို မတ် ၆ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။

အင်န်အိတ်ချ်ကေ