မေ ၁၉

 

အီတလီနိုင်ငံတွင် ယမန်နေ့က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုတို့ကြောင့် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသောလူများ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

 

ဘိုလိုနာနှင့်မိုဒီနာမြို့တို့အပါအဝင် နိုင်ငံ၏မြောက်ပိုင်းအလယ်ပိုင်းဒေသတွင် မေလ ၁၆ ရက်နှင့် ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။

 

ကယ်ဆယ်ရေးသမားများက မြင့်မားသောအဆောက်အဦများ၏အပေါ်ထပ်နှင့် ခေါင်မိုးထိပ်များတွင်ရှိသောလူများကို ဘေးလွတ်ရာသို့ကူညီကယ်ဆယ်ပေးခဲ့ကြသည်။

 

အီမီလီယာ-ရိုမာဂါဒေသတွင် ယမန်နေ့ကအထိ အနီရောင်သတိပေးချက် သက်ဝင်နေဆဲဖြစ်ပြီး မြောက်ပိုင်းရှိလန်ဘာဒီမှ တောင်ပိုင်းရှိ ဘာစီလီကာတာဒေသအထိ အဝါရောင် သို့မဟုတ်  လိမ္မောရောင်သတိပေးချက် သတ်မှတ်ထားသည်ဟု အရပ်ဘက်ကာကွယ်ရေးဌာန၏ပြောကြားချက်အရ သိရသည်။

 

နိုင်ငံမြောက်-အလယ်ပိုင်းဒေသတွင် မေလ ၂၀ ရက် သန်းခေါင်ယံအချိန်အထိ ပြင်းထန်သောရာသီဥတုသတိပေးချက်များ သက်ဝင်နေဆဲဖြစ်သည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် မြေပြိုမှု ၂၈၀ ကျော်၊ လမ်းပေါင်း ၂၀၀ ပိတ်ထားရပြီး မြစ်ပေါင်း ၂၃ စင်း မြစ်ရေလျှံမှုများဖြစ်ပွားခဲ့သည်။

 

ထိုဒေသရှိ လူပေါင်း ၁၀၀၀၀ ကျော် ၎င်းတို့နေအိမ်များမှစွန့်ခွာထွက်ပြေးခဲ့ရကြောင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို