နေပြည်တော် ၄ ဖေဖော်ဝါရီ 

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးစီး၍ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဆိုင်ရာ ငွေကြေးနှင့်ပတ်သက်သည့် ဥပဒေများ အသိပညာပေးသင်တန်း (၁/၂၀၂၀)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က အမှာစကားပြောကြားပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ၊ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဆိုင်ရာ ငွေကြေးနှင့်ပတ်သက်သည့် ဥပဒေများနှင့် အကျိုးဆောင်များလိုက်နာရန် ကျင့်ဝတ်စည်းကမ်းများကို တာဝန်ရှိသူများက ဟောပြောပို့ချကြသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းဝင်များအပြင် ပြင်ပသင်တန်းသားများလည်း တက်ရောက်လေ့လာကြပြီး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ အနေဖြင့် အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေများနှင့် အကျိုးဆောင် ကျင့်ဝတ်များ သိရှိလိုက်နာနိုင်စေရန်၊ အကျိုးဆောင်များအနေဖြင့် စီးပွားရေးအခြေ အနေများနှင့်အညီ သိရှိသင့်သည်များကို သိရှိပြီး ဥပဒေများကို လေးစားလိုက်နာ ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်