နေပြည်တော် ဇွန် ၂၀
အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Hotel Max ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမှာ စကားပြောကြားပြီး အုပ်စုလိုက်ပူးပေါင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးတို့က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြေယာဌာနမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယ ညွှန်ကြားရေးမှူးတို့က ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ခြင်း မေးခွန်းလွှာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြပြီး တတ်ရောက်လာကြသည့် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများက မေးခွန်းလွှာများကို ဖြေကြားကြသည်။
ယင်းနောက် ဖြေကြားပြီး မေးခွန်းလွှာများကို ပြန်လည်စုစည်းကာ ဖြေကြားချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
အဆိုပါဆွေးနွေးပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန အရာထမ်းများ၊ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ တက်ရောက်ကြသည်။
သတင်းစဉ်