လှိုင်းဘွဲ၊ ၂၃ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒိုင်းပြကျေးရွာအုပ်စု ပုတိန်ကုန်းကျေးရွာတွင် တောင်သူလယ်သမားများ Covid-19 ကာလအတွင်း Home garden စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးပညာပွဲ ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၂ ရက်က ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ခရိုင်ဦးစီးမှူး ဦးသက်ဆွေက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)တွင် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၊ သီးနှံများ၏ အရည်အသွေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ၊ လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာဝပြောရေးကဏ္ဍ ဟူ၍ ကဏ္ဍကြီး(၄)ရပ် ပါဝင်ကြောင်း၊ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် Covid ကာလတွင် ဈေးများ ရှိရာ လူစုလူဝေး ရှောင်ရှားနိုင်ကာ စိတ်ပျော်ရွင်ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ပါကြောင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းအားဖြင့် စီးပွားရေးကုစားမှုအနေဖြင့် ဝင်ငွေပိုလျှံမှုတိုးပွားလာနိုင်ပါကြောင်း၊ ထို့အပြင် လိုအပ်သည့် စားသုံးနိုင်သည့် ပမာဏအား လတ်လတ်ဆတ်ဆတ် စားသုံးနိုင် သည့် ကျန်းမာရေးထိန်းသိမ်းခြင်းအတွက် ကောင်းမွန်နိုင်ပါကြောင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့် ခရိုင်(SMS)များက Home garden စိုက်ပျိုးခြင်း နည်းစနစ်၊ နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တောင်သူ(၃၀)အား အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရေးအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်များအား လက်ဆောင်ပေးအပ်ခဲ့ကြပြီး Home garden စိုက်ခင်းများသို့ ခရိုင် ဦးစီးမှူးနှင့်အဖွဲ့က လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


