၂၁ မတ်
နိုင်ငံတကာမှာ စိုးရိမ်နေရတဲ့ COVID-19 ဗိုင်းရပ်စ် ကြောင့် နှာခေါင်းစည်း နဲ့ လက်သန့်ဆေးရည်တွေ ကြောက်လန့်တကြား ဝယ်လိုက်ကြတာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန် ခေတ်စားလာတာက အိမ်မှာ လက်သန့်ဆေးရည်တွေ ကိုယ်တိုင်လုပ်လို့ရတဲ့နည်းတွေပါပဲ။
အပြင်မှာ ဝယ်မရရင် ကိုယ်တိုင် ပြုလုပ်လို့ရတဲ့အကြောင်း၊ အလွယ်ပြုလုပ်နည်းတွေ မျှဝေလာခဲ့ကြပါတယ်။ လုပ်နည်းကလွယ်သားပဲ၊ အရက်ပြန်၊ Gel တစ်မျိုးမျိုးနဲ့ အဆီတစ်မျိုးပါရင် ရပြီလို့ ထင်ကြမှာပေါ့။
ဒါပေမယ့် ဒီလိုလွယ်ကူတဲ့နည်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်သန့်ဆေးရည်တွေက အရာဝတ္ထု မျက်နှာပြင်တွေကို သန့်စင်ဖို့အတွက် ပိုသင့်တော်ပြီး လူ့အရေပြားမှာသုံးဖို့ မသင့်တော်ပါဘူးလို့ ပညာရှင်တွေက သတိပေးပါတယ်။
အယ်ကိုဟော အခြေခံတဲ့ လက်သန့်ဆေးရည်တွေမှာ emollients လို့ ခေါ်တဲ့ အသားအရေကို နူးညံ့မှု ထိန်းပေးနိုင်တဲ့ ဓာတ်တွေလည်း ပါဝင်လေ့ရှိပါတယ်။ ပိုးတော့ သေစေနိုင်ပေမယ့် လက်အသားအရေ အတွက် ပိုပြင်းနေနိုင်တာမို့ ထိခိုက်မှုပိုလာနိုင်ပါတယ်။
အရေးကြီးတဲ့ အချက်
လက်သန့်ဆေးရည်ပြုလုပ်တဲ့နေရာမှာ အဓိကကျတဲ့အချက်က ပါဝင်ပစ္စည်း တွေကို အချိုးအဆ မှန်ကန်အောင် ထည့်သွင်းဖို့ပါ။ ပါဝင်ပစ္စည်းတွေ မှန်နေလည်း ကိုယ်ထည့်ချင်သလို မှန်းထည့်လို့မရပါဘူး။ တိတိကျကျ ချိန်တွယ်၊ တွက်ချက် ထည့်သွင်းရတဲ့ အချိန်အဆတွေ ကွာခြားပါတယ်။
လက်အရေပြားမှာ သုံးရတဲ့ လက်သန့်ဆေးရည်ကို ဒီလောက်လွယ်လွယ်နဲ့ ကိုယ်တိုင်လုပ်သုံးလို့ရတယ် ဆို ဘယ်ကုမ္ပဏီတွေက အကုန်အကျခံ ထုတ်လုပ်တော့မလဲ၊ ဘယ်သူတွေက ကုန်အမှတ်တံဆိပ်တွေ ရွေးဝယ်ပါတော့မလဲ။ ယာယီသုံးလို့တော့ ရပေမယ့် နေ့စဉ်လက်မှာ အသုံးပြုဖို့အတွက်တော့ ပြဿနာ ရှိနေနိုင်ပါတယ်။
COVID-19 ကာကွယ်မယ့် လက်သန့်ဆေးရည်မှာ အယ်ကိုဟော ပမာဏ အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်ရမယ်လို့ ကျန်းမာရေးအဖွဲ့တွေက အကြံပြုထားပေမယ့် ဒီ ၆၀ ရာခိုင်နှုန်း ပါတိုင်း အဆင်မပြေနိုင်ပါဘူး။
ဘယ်လိုကိုယ်တိုင်လုပ်ကြသလဲ
ပြုလုပ်နည်း အများစုမှာ အရက်ပြန် (isopropyl alcohol) ရယ်၊ အရေပြားကို အစိုဓာတ် ထိန်းနိုင်ဖို့ ရှားစောင်းဂျယ်လ်နဲ့ အဆီတစ်မျိုးမျိုးတို့ကို ရောစပ်တာပဲ ဖြစ်ပါတယ်။ အကြမ်းပြောရရင် ဒီနည်းတွေမှာ ရှားစောင်းဂျယ်လ် ပန်းကန်လုံးတစ်လုံးစာကို အရက်ပြန် သုံးပုံနှစ်ပုံရောစပ်တာပါပဲ။ ဂလစ်ဆရင်း သို့မဟုတ် အဆီတစ်မျိုးမျိုးကို နည်းနည်းထည့်တယ်ပေါ့။ အွန်လိုင်းမှာ မျှဝေကြတဲ့ နည်းတစ်ခုနဲ့တစ်ခု အခြေခံပစ္စည်းတွေ တူပေမယ့် အချိုးအစားတွေ ကွာကြတယ်။ ကိုယ်သိထားတဲ့ နည်းအတိုင်း လိုက်လုပ်ရင်တောင်မှ ကာကွယ်မှုကောင်းပြီး ထိခိုက်မှုနည်းတဲ့ လက်သန့်ဆေးရည်ကို ပြုလုပ်နိုင်ဖို့ မလွယ်ပါဘူး။
အစိုဓာတ်ထိန်းပစ္စည်း တွေ နည်းသွားရင် အရက်ပြန်ကြောင့် အသားခြောက်ပြီး၊ အက်ကွဲတာ၊ လောင်တာ၊ ဓာတ်မတည့်တာ၊ နီမြန်းတာ၊ အဖုလေးတွေထွက်တာ စတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်တယ်။ အရက်ပြန် နည်းသွားရင် လိုအပ်တဲ့ ကာကွယ်နိုင်စွမ်း အထိ မရနိုင်ဘဲ ထူးမခြားနား ဖြစ်သွားနိုင်ပါတယ်။
ဒါဆို ဘာလုပ်ရမလဲ
လက်သန့်ဆေးရည်မှ ဝယ်လို့မရတာ၊ ဒါတွေ မလုပ်လို့ ဘယ်လိုလုပ်ရမလဲ မစိုးရိမ်ပါနဲ့။ ရေနဲ့ဆပ်ပြာ သုံးပြီး လက်ဆေးတာ အကောင်းဆုံးနည်းပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။
လက်သန့်ဆေးရည်ဆိုတာ ရေနဲ့လက်ဆေးဖို့ မလွယ်ကူတဲ့နေရာ၊ အခြေအနေမှာ ရောက်နေသူတွေ အတွက် ရေမလိုဘဲ အရေးပေါ်သုံးဖို့၊ ဆောင်ထားဖို့ ထုတ်လုပ်ထားတာပါ။ မလိုအပ်ဘဲ အမြဲမသုံးဖို့ သတိပေးချင်ပါတယ်။
တကယ်တမ်း ရောဂါပိုး ကာကွယ်ချင်တယ်ဆိုရင် –
လက်ဆေးပါ။ လက်ချောင်းကြား၊ လက်ဖဝါး၊ လက်ဖမိုး တွေကို သေချာ သန့်စင်အောင် ဆေးပါ။
တကယ်လို့ လက်သန့်ဆေးရည်ဝယ်မရရင် ကိုယ်တိုင်လုပ်တဲ့ ဆေးရည်ကို တစ်ခါတလေ လိုအပ်မှ သုံးပါ။
မျက်နှာကို လက်နဲ့ ထိကိုင်တာ ရှောင်ပါ။
ချောင်းဆိုး၊ နှာချေရင် တံတောင်ဆစ် နဲ့ အုပ်ကွယ်ပါ။
လူများတဲ့ နေရာ ရှောင်ပါ။
အိမ်မှာနေရင်း အကြောက်လွန်ပြီး ဆပ်ပြာနဲ့လည်းဆေး၊ လက်သန့်ဆေးရည်လည်း ခဏခဏ သုံးမယ် ဆိုရင်တော့ လက်အရေပြား ထိခိုက်မှာ သေချာတဲ့အပြင် ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါ ပျက်စီးရာက ကိုယ်ခံအားပါ နည်းလာနိုင်ပါတယ်နော်။ လက်သန့်ဆေးရည်ကို သူ့နေရာနဲ့သူ အသုံးချနိုင်စေဖို့ အကြံပြုလိုက်ပါတယ်။
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”