ကိုဗစ်-၁၉ ရာဂါ ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေးနှင့် မကြာမကြာ လက်သန့်စင်အောင် ဆေးကြောရေးတို့က လွန်စွာအရေးပါလှသည်။ သို့ဖြစ်သောကြောင့် လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများ၊ ရုံးများတွင် အနည်းဆုံး လူအရေအတွက်ဖြင့် အလုပ် လုပ်နိုင်ရန် စီမံကြရသည်။ဈေးများတွင် ဈေးသည်၊ ဈေးဝယ်များ ကြိတ်ကြိတ်တိုးမနေစေရန် ဆိုင်များကို ချဲ့ထုတ်၊ ခွဲထုတ်ရသည်။ သေရေးရှင်ရေးမှလွဲလျှင် တတ်နိုင်သမျှ အိမ်အပြင် ထွက်မလာကြရန် နှိုးဆော်တိုက်တွန်းရသည်။ ရောဂါကူးစက်မှုအခြေအနေအရ အချို့နယ်မြေဒေသများတွင် အမိန့်ထုတ်ရသည်။ အမိန့်ညွှန်ကြားချက် မလိုက်နသူတို့ကို တည်ဆဲဥပဒေနှင့် အရေးယူသည်။
ညမထွက်ရအမိန့်၊ အဝင်အထွက် အသွားအလာ ကန့်သတ်သည့် အမိန့်တို့ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်က ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဖြစ်သော်လည်း လူအချို့အတွက်တော့ ချုပ်ချယ်မှု၊ ပိတ်ပင်မှုသဖွယ်ဖြစ်နေသည်။ အထူးသဖြင့် နေ့နေ့ညညဆိုသလို အိမ်တွင်းမှာထက် အိမ်အပြင်ထွက် သွားလာနေတတ်သည့် အလေ့အထစွဲနေသူများအဖို့ ရက်ရှည်ကြာ အိမ်တွင်းနေထိုင်ရန်မှာ လွန်စွာခဲယဉ်းသည့်ကိစ္စဖြစ်သည်။ အမေရိကန်ကဲ့သို့သော နိုင်ငံများတွင်မူ အချို့ဒေသများတွင် အသွားအလာကန့်သတ်မှုများကို ဆန့်ကျင်ကန့်ကွက်မှုများ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်ရန် ခက်ခဲလျက်ရှိခြင်းကြောင့် ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုအရေအတွက် မြင့်မားလျက်ရှိသည်ကို တွေ့ရသည်။
တစ်ဖန် အသွားအလာကန့်သတ်မှုနှင့် အိမ်တွင်းမှာသာ နေထိုင်ရန် ထိန်းချုပ်ဆောင်ရွက်မှုတို့ကြောင့် အိမ်တွင်းအကြမ်းဖက်မှုများ ပိုမိုများပြားလာပြီး လမ်းပေါ်တွင် လူသူရှင်းလင်းသွားသည်နှင့်အမျှ ဒုစရိုက်သမားတို့၏ ကျူးလွန်မှုများပေါ်ပေါက်လာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူများသို့ အသိပေးနှိုးဆော်ချက်တွင် တွေ့ရှိရသည်။ ထို့အပြင် အွန်လိုင်းရာဇဝတ်မှုအမျိုးမျိုးတို့ကိုလည်း ကျူးလွန်လာကြသည်ဟု ဆိုထားရာ သတိရှိရှိဖြင့် ရှောင်ရှားနိုင်ကြရန် လိုအပ်သည်။ အိမ်တွင်းအကြမ်းဖက်မှုများမှာမူ ကူးစက်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်တားဆီးမှုများ ပြုလုပ်ထားစဉ်အတွင်း နေအိမ်၌နေထိုင်ရသည့်အပေါ် စိတ်ဖိစီးမှု နှင့် မိသားစုဝင်ငွေအပါအဝင် အခြားသောအကြောင်းအရာများကို အရင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုများတွင် အဓိကကျသူမှာ အမျိုးသားများဖြစ်သည်ဟု နိုင်ငံတကာသတင်း များတွင် ဖော်ပြခဲ့သည်။ စိတ်ဖိစီးမှုကို ထွက်ပေါက်ရှာသည့်အနေဖြင့် အရက်နှင့်မူးယစ်ဆေးဝါးတို့ကို သုံးစွဲရာမှ ပုံမှန်စိတ်ပျောက်ပြီး အိမ်ထောင်ဖက်အပေါ် အကြမ်းဖက်လာကြခြင်းဖြစ်သည်။
Stay at Home ခေါ် အိမ်မှာနေကြရခြင်းသည် မိမိအပါအဝင် မိသားစုများနှင့် အများပြည်သူ ကျန်းမာရေး၊ ကပ်ရောဂါကူးစက်မှု မခံရရေးအတွက်ဖြစ်ပြီး အချိန်ကာလ အကန့်အသတ်တစ်ခုအတွင်းမှာသာ ဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။ ညွှန်ကြားချက်များ နှင့်အညီ လိုက်နာနေထိုင်ကြသည်နှင့်အမျှ ရောဂါကူးစက်ပျံ့နှံ့မှု ကို မြန်မြန်ထိန်းချုပ်နိုင်ပြီး ပုံမှန်နေ့စဉ်ဘဝနေထိုင်မှုများကို မြန်မြန်ပြန်ရနိုင်ကြမည်ဖြစ်သည်။ မဖြစ်မနေ အိမ်မှာနေကြရခြင်းသည် မိသားစုများအတွက် ကြုံတောင့်ကြုံခဲ အတွေ့အကြုံတစ်ခု အဖြစ် ကောင်းသည့်နှလုံးသွင်းဖြင့် ရှုမြင်ကာ ပျော်ရွှင်စွာနေထိုင် ကြရေးကိုသာ မိသားစုဝင်အားလုံးက ဖန်တီးဖော်ဆောင်ကြရမှာ လည်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကြရာတွင် လူတစ်ဦး ချင်းစီ၏ ကိုယ်ခံစွမ်းအားနှင့် ကျန်းမာရေးတို့က အရေးကြီးသည့်အတွက် လေကောင်းလေသန့်ကိုရှူခြင်း၊ ရေကောင်းရေသန့်ကိုသောက်သုံးခြင်း၊ အာဟာရပြည့်ဝအောင်စားသောက်ခြင်း၊ အိပ်ရေး ဝဝအိပ်စက်အနားယူခြင်း၊ ဣရိယပုထ် မျှတအောင် နေထိုင်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဝတ်ဆင်ခြင်း၊ စိတ်ကြည်လင်ရွှင်လန်းစွာ နေထိုင်ခြင်းဟူသော လူနေမှုပုံစံများကို ကျင့်သုံးကာ ကပ်ရောဂါကို ကျော်လွှားနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း