၂၆ သြဂုတ်


ဆီးချိုသွေးချိုစစ်မယ်ဆိုရင် ဆေးခန်းမှာ၊ ဆေးဆိုင်တွေမှာ စစ်ပေးတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်တိုင်း ကိရိယာတစ်ခုတော့ အိမ်မှာရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာ ဆီးချိုရှိသူတစ်ယောက် ရှိနေတယ်ဆိုရင်ပေါ့။


ဘာကြောင့်လဲဆိုတော့ သွေးတွင်းသကြားဓာတ် အတက်အကျကို သက်ရောက်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အချိန်မရွေးလည်း ပြောင်းလဲနိုင်လို့ပါပဲ။ အိမ်မှာရှိနေမှ လိုအပ်တဲ့အချိန်တိုင်း စစ်ဆေးကြည့်လို့ရနိုင်မယ်၊ ပုံမှန်စစ်ဆေးလို့ လွယ်ကူနိုင်ပါမယ်။ တက်နေတာလား၊ ကျနေတာလား မရေမရာဖြစ်နေတဲ့အချိန်မှာ သွေးဖောက်စစ်ဆေးလိုက်တာ အကောင်းဆုံးပါပဲ။


ပုံမှန် ဒါမှမဟုတ် နေ့စဉ် ဆီးချိုသွေးချိုစစ်ဆေးမယ်


သွေးဖောက်စစ်ဆေးတာကို နေ့တိုင်းလုပ်ရမှာလား၊ တစ်ပတ်နှစ်ကြိမ်လောက်လား၊ တစ်ရက်ခြားတစ်ကြိမ်လား ဆိုတာကို ကာယကံရှင်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာ စတဲ့အချက်တွေကို မူတည်ပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက လိုအပ်သလိုဆုံးဖြတ်ရမှာပါ။ တစ်နေ့တာအတွင်း အများအားဖြင့် ဒီအချိန်တွေမှာ သွေးဖောက်စစ်ဆေးလေ့ရှိကြပါတယ် –


အစာမစားခင်


အစာစားပြီး ၁ နာရီ သို့မဟုတ် ၂ နာရီ


နေလို့မကောင်းတဲ့ လက္ခဏာတစ်ခုခုဖြစ်လာတဲ့အချိန်
ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုမလုပ်ခင် (အစာတခုခုစားထားဖို့လိုမလို)


လှုပ်ရှားမှုများများလုပ်ပြီးတဲ့အချိန်


ဆီးချိုတက်နေတယ်၊ ကျနေတယ်လို့ သံသယရှိလာတဲ့အချိန်
ဖျားနေတဲ့အချိန် သို့မဟုတ် စိတ်ဖိစီးမှုခံစားနေရတဲ့အချိန်တို့မှာ စစ်ဆေးကြည့်တတ်ကြပါတယ်။


ဘယ်လိုစစ်ရမလဲ


ဆီးချိုသွေးချိုစစ်မယ်ဆိုရင် glucometer လို့ခေါ်တဲ့ ကိရိယာလေးနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို အလွယ်တကူစစ်ဆေးနိုင်ပါတယ်။ သွေးစစ်မယ့်သူရဲ့လက်ထိပ်ကို ဖောက်ပြီး သွေးစက်လေးနမူနာယူ၊ ဆီးချိုသွေးချိုစစ်တံ( test strip) နဲ့ထိတို့ စစ်ဆေးရပါတယ်။ သွေးချိုတိုင်းစက်က အမှတ်တံဆိပ်အမျိုးမျိုး၊ ထုတ်လုပ်တဲ့ကုမ္ပဏီအမျိုးမျိုး၊ လုပ်ဆောင်ချက်အမျိုးမျိုးနဲ့ ဈေးနှုန်းအစားစားရှိတာကြောင့် ကိုယ်နဲ့သင့်တော်ရာအမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါပေမယ့် ရလဒ်မှန်ကန်ဖို့ အရေးကြီးတာကြောင့် အရည်အသွေးကောင်းပြီး တိကျတဲ့ အမျိုးအစားကို ရွေးချယ်မိဖို့လိုပါတယ်။


အကောင်းဆုံးက ကိုယ်ဝယ်ထားတဲ့ သွေးချိုတိုင်းစက်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း အသုံးပြုတာပါ။ သွေးချိုတိုင်းစက်တွေရဲ့ အသုံးပြုပုံကတော့ အခြေခံအားဖြင့် တူတူပါပဲ –


လက်ဆေးပြီး ခြောက်အောင်သုတ်ပါ။


သွေးချိုတိုင်းစက်မှာ သွေးစစ်တံလေးထည့်သွင်းပါ(ဘူးအတွင်းပါ လမ်းညွှန်ချက်မှာဖော်ပြထားတဲ့အတိုင်း)


လက်ချောင်းထိပ်ကို အရက်ပြန်ဂွမ်းစလေးနဲ့ သုတ်ပါ။


သွေးချိုတိုင်းစက်မှာ အတူပါတဲ့ သွေးဖောက်ကိရိယာလေးနဲ့ လက်ချောင်းထိပ်အသားကို ထိကပ်ပြီးသွေးဖောက်ပါ။


သွေးစစ်တံရဲ့ထိပ်မှာ သွေးစက်လေးကိုစုပ်ယူသွားတဲ့အထိ တို့ထိပါ။


လက်ချောင်းထိပ်ကို အရက်ပြန်ဂွမ်းစလေးနဲ့ ခဏကပ်ထားပါ။


စက္ကန့်ပိုင်းအတွင်း စက်မှာပေါ်လာမယ့် သွေးတွင်းသကြားဓာတ်ရလဒ်ကို ကြည့်ပါ။


မှတ်တမ်းစာအုပ်မှာ စစ်ဆေးမှုရလဒ်ကို မှတ်သားပါ။


သွေးစစ်တံလေးကို စက်ကနေ ဖြုတ်ပြီး စနစ်တကျစွန့်ပစ်ပါ။


ကဲ ဘယ်လောက်လွယ်လိုက်လဲ။ စက်လေးတစ်ခုရှိတယ်ဆိုရင် သွေးစစ်တံလေးတွေပဲ ဝယ်ထားဖို့လိုမှာပါ။ ဆေးဆိုင်မှာသွားစစ်သလို တစ်ခါစစ်တိုင်း ငွေမကုန်၊ အချိန်မကုန်ရတော့ဘူးပေါ့။ သုံးရတာလည်း လွယ်ပါတယ်နော်။


ပုံမှန် ဘယ်လောက်အတွင်း ရှိသင့်တာလဲ


ပုံမှန်ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ပမာဏက –


အစာမစားခင်မှာ 70 နဲ့ 130 mg/dL ကြား၊


အစာစားပြီးနောက်ပိုင်းမှာ 180 mg/dL အောက် ရှိသင့်ပါတယ်။


ရေးသားသူ - Yun Sandi Nan Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”