အိမ်မဲ ၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စုတောင်စုကျေးရွာ၌ ဇန်နဝါရီ ၆ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ပြခန်းများပြင်ဆင်ထားရှိရာ ကရင်ရိုးရာယဉ်ကျေးမှု အနုပညာပြခန်းသို့ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပြခန်းတွင် ရှေးနှစ်ပေါင်း ရာကျော်ခန့်က ကရင်တိုင်းရင်းသားများ၏ ရိုးရာအဝတ်အစားများ၊ လယ်ယာလုပ်ငန်းခွင်သုံး ပစ္စည်းများ၊ မင်္ဂလာအခမ်းအနားသုံး ဖားစည်၊ ကရင်ပလွေ၊ အသုံးအဆောင်များ၊ ဝတ်အင်္ကျီများနှင့် ရိုးရာစာပေများ၊ ငြိမ်းချမ်းရေးပြခန်း၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ အတ္တုပတ္တိပြခန်းများကို ပြည်သူများ စိတ်ဝင်စားစွာ လေ့လာလျက်ရှိသည်။
"ကျွန်တော်တို့ ပြသထားတာတွေကတော့ ကရင်လူမျိုးတွေ အမြတ်တနိုးထားတဲ့ ဖားစည်၊ မင်္ဂလာပွဲတွေမှာသုံးတဲ့ ပလွေနဲ့ ကရင်လို ပဒိုး လို့ခေါ်တဲ့ ကျွဲချို၊ စောင်းကောက်၊ ဆေးတံ စတဲ့ ရိုးရာ အသုံးအဆောင်တွေ ပြသထားမှာဖြစ်ပါတယ်" ဟု မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ပြပွဲကျင်းပရေးတာဝန်ခံ မန်းညှက်ပိန်က ပြောသည်။
အိမ်မဲမြို့နယ် ထန်းတစ်ပင်ကျေးရွာအုပ်စု ကျုံပေါက်ကျေးရွာမှ လာရောက်သူ စအောင်ကျော်ကလည်း "ကရင်အမျိုးသားထု တစ်ရပ်လုံးအတွက် ရိုးရာအသုံးအဆောင် ပစ္စည်းတွေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့စရိုက်တွေကို တန်ဖိုးထားစေချင်ပါတယ်၊ ဒီနှစ်မှာ ထူးခြားမှုတစ်ခုက တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ထည့်သွင်းကျင်းပမှာ ဖြစ်တဲ့အတွက် ကရင်လူမျိုးတွေကိုယ်စား တစ်မျိုးသားလုံးအတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်" ဟု ရင်တွင်းစကားကို ပြောပြသည်။
ကရင်ရိုးရာ နှစ်သစ်ကူးပွဲနှင့် ကောက်သစ်စား ပွဲတော်တွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် အားကစားပြိုင်ပွဲများ၊ အမျိုးသားဘောလုံးပြိုင်ပွဲများ၊ ကရင်ဒုံးယိမ်း ပြိုင်ပွဲများ၊ ပွဲတော်အတွင်း ကရင်ရိုးရာပစ္စည်း အရောင်းဆိုင်ခန်းများနှင့် စားသောက်ဆိုင်ခန်းပေါင်း (၂၀၀)ခန့် လာရောက်ရောင်းချကာ ပွဲတော်လာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ပြာသိုလဆန်း (၁)ရက်နေ့၊ ကရင်နှစ်သစ်ကူးနေ့၌ နံနက် (၆)နာရီတွင် ကရင်အမျိုးသားအလံ လွှင့်ထူခြင်း၊ ကရင်နှစ်သစ်ကူး အခမ်းအနားကျင်းပခြင်း၊ ကရင်ရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးအဖွဲ့မှ သိရသည်။
အောင်မင်း (မြောင်းမြ)