အိမ်မဲမြို့အ.ထ.က(၁)၌ ကမ္ဘာ့ဆရာများနေ့ ကျင်းပ

အိမ်မဲ ၅ အောက်တိုဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အ.ထ.က(၁) ရွေညီလာခန်းမ၌ မြို့နယ်ပညာရေးဌာနကဦးစီး၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ ၅ ရက် နံနက် ၈ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မေလွင်လွင် က ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ UNESCO အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း UNICEF နှင့် UNDP အဖွဲ့အစည်းများပေးပို့သော သဝဏ်လွှာအားဖတ်ကြားပေးခဲ့သည်။

 

ထို့နောက် ဆရာဦးစိုးလင်း က "မြန်မာမှုများကိုထုဆစ်ခြင်း" ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများအား တာဝန်ရှိသူများက ကန်တော့လက်ဆောင်များပေးအပ်ခဲ့ကာ ဆရာကြီး၊ ဆရာမကြီးများအား ရှိခိုးပန်ထွာကန်တော့လွှာဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး အပူဇော်ခံဆရာကြီး၊ ဆရာမကြီးထဲမှ ဆရာကြီးတစ်ဦးက ဆုံးမသြဝါဒစကားပြောကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးဆရာမကြီးနှင့် ပညာရေးဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်-ပြန်/ဆက်