အိမ်မဲ ၂၀ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ နီစပ်ကြီးကျေးရွာတွင် စပါးစိုက်ခင်းများအတွင်း ရွှေခရုများ ကျရောက်နေသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ပိုးမွှားတာဝန်ခံနှင့် ကျေးရွာပြည်သူများက စုပေါင်း၍ လူထုအင်အားဖြင့်ရွှေခရုနှင့် ဥမြုံများ ကောက်ယူနှိမ်နင်းပွဲကို ဇူလိုင် ၁၈ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါရွှေခရုကောက်ပွဲတွင် နီစပ်ကြီးကျေးရွာမှ ရွာသူ၊ ရွာသားများက အဖွဲ့(၃)ဖွဲ့ခွဲ၍ ကောက်ယူ နှိမ်နင်းခဲ့ပြီး အများဆုံး ကောက်ယူနိုင်သောအဖွဲ့နှင့် ကျန်အဖွဲ့များအား ဆုများနှင့် အမှတ်တရ လက်ဆောင်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

"ရွှေခရုတွေက ကုန်းပိုင်းကျတဲ့လယ်တွေကို မဖျက်ဆီးပါဘူး၊ ရေမြုပ်တဲ့လယ်တွေကို ခရုတွေ ရောက်လာပြီး စပါးပင်အညွန့်တွေကို ကိုက်စားတာပါ။ လယ်သမားတွေ လယ်ယာလုပ်ငန်းခွင် စတင်ချိန်မှာ စပါးသီးနှံ ဖျက်ရွှေခရုနဲ့ဥမြုံတွေကို လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းတာကြောင့် ဆုံးရှုံးမှုတွေ ဆိုးဆိုးဝါးဝါး မဖြစ်တော့ပါဘူး၊ ယမန်နှစ်ကလည်း အိမ်မဲမြို့နယ် ညင်ကုန်းကြီးကျေးရွာမှာ ရွှေခရုနဲ့ဥမြုံများ ကောက်ယူနှိမ်နင်းပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ အိမ်မဲမြို့နယ်အတွင်း စပါးစိုက်ခင်း များတွင် ရွှေခရုများ ကျရောက်နေတဲ့အတွက် လယ်သမားများ ကြိုတင်ပြင်ဆင်နိုင်ရန် သရုပ်ပြတဲ့ အနေနဲ့ မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ၊ ခရိုင်ပိုးမွှားတာဝန်ခံနဲ့ ဒေသခံလယ်သမားများ စုပေါင်း၍ စပါးဖျက်ရွှေခရုနဲ့ ဥမြုံများကို ကောက်ယူနှိမ်နင်းပွဲ ပြုလုပ်တာဖြစ်တယ်လို့'' မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။

 

ရွှေခရုနှင့် ဥမြုံများကို လူထုအင်အားဖြင့် ဖယ်ရှားခြင်းသည် ၈၀ ရာခိုင်နှုန်းထိရောက်သောကြောင့် ရွှေခရုဥမြုံများကို ရေမြုပ်ခြင်း၊ ထုံးထည့်ခြင်း၊ ခရုများလာရောက်စားသုံးရန် သင်္ဘောရွက် ငှက်ပျောရွက်တို့ကို ချထားကာ ခရုများစုလာပါက ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။ ရွှေခရုများသည် ရက်(၃၀)အောက်သက်တမ်းရှိစပါးခင်းများကို ကိုက်ဖြတ်စားသုံးကြပြီး အပင်ရင့်လာပါက မကိုက်နိုင်တော့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)