အိမ်မဲ ၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းပြီး ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ကျင်းပသည့်ကရင် သက္ကရာဇ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်တွင် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ထည့်သွင်းကျင်းပခဲ့ရာအားပေးသည့် ပရိသတ်များပြားမှုကြောင့် ရုံလျှံသွားကြောင်း လက်ဝှေ့ပွဲကျင်းပရေးအဖွဲ့မှ သိရသည်။
"လက်ဝှေ့ပြိုင်ပွဲတွေကို ညပိုင်းမှာကျင်းပပါတယ်။ လက်ဝှေ့ပွဲမှာ ၂၀၁၈ခုနှစ် ရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ကစားသမား တွေပါတယ်။ ပွဲတွေကတော့ တော်တော်အကြိတ်အနယ်ရှိတယ်။ ကြည့်လို့လည်း ကောင်းတယ်။ မကျေပွဲတွေတောင်ပါတယ်။ လာအားပေးတဲ့ ပရိတ်သတ်ကတော့ ရုံတောင်လျှံသွားတယ်" ဟုလက်ဝှေ့ပွဲ ကျင်းပရေးအဖွဲ့မှ ဒေါက်တာမန်းအောင်မြတ်ကျော်က ပြောသည်။
ကရင်အမျိုးသား နှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်တွင် ထည့်သွင်းကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် အမျိုးသားလက်ဝှေ့ပြိုင်ပွဲများသာမက အမျိုးသမီး လက်ဝှေ့ပွဲများကိုလည်း ထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။
"မနှစ်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပုသိမ်မှာ လက်ဝှေ့ပွဲ သုံးညထည့်သွင်း ကျင်းပခဲ့တယ်။ ဒီမှာတော့ ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်ပဲကျင်းပတယ်။ ဆုကြေးကတော့ ပွဲတစ်ပွဲလုံးသိန်းတစ်ရာငါးဆယ်လောက် သုံးမယ်လို့ သတ်မှတ်ထားတယ်" ဟု ဒေါက်တာမန်းအောင်မြတ်ကျော်က ပြောသည်။
မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲပထမနေ့ ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ကျင်းပသည့်အမျိုးသားလက်ဝှေ့ပွဲ၌ ယှူးခလိန်းမင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ)နှင့် လက်သီးမိုး(ရွှေသထုံ)၊ အောင်ထက် (မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် အောင်ကျော်ဟိန်း (တိုက်ဂါး၊ဘားအံ)၊ ဆလိုင်းချမ်းမြေ့ကို (ရွှေဘားလား၊ဘားအံ)နှင့် ရဲသွေးအောင်(အဖြူရောင်သွေးသစ်၊ရန်ကုန်)၊ သားဒိန်း (ဖိုးရာဇာ၊ရန်ကုန်)နှင့် ချိုတူးအောင် (ဓမ္မဟေဝန်၊ဘုရားသုံးဆူ)၊ ရွှေမိုးပျံ(ရွှေသထုံ၊သထုံ)နှင့် သိန်းစိုး (အဖြူရောင်သွေးသစ်)၊ ကျောက်ရိုင်း (ဓမ္မဟေဝန်၊ဘုရားသုံးဆူ)နှင့် ဟိန်းထွဋ်ကျော် (ဥဿမင်း၊ပဲခူး)၊ ရှိုင်းကိုကို(ဥဿမင်း၊ပဲခူး) နှင့်ရဲကျော်သူ(RAY)တို့ ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးလက်ဝှေ့ပွဲတွင် မာရီးနား(ခြင်္သေ့မင်း)နှင့် သော်နေထူး (ဇာနည်မောင်)တို့ ယှဉ်ပြိုင်ကြသည်။
ဒုတိယနေ့ ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် ကျင်းပသည့် အမျိုးသားလက်ဝှေ့ပွဲ၌ စောဆဝါး (ဒို့ရိုးရာ၊သထုံ)နှင့် ပိုက်ထွေး(ရွှေသထုံ၊သထုံ)၊ ကောင်းကောင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ)နှင့် ထွန်းလင်းအောင် (ဒို့ရိုးရာ၊သထုံ)၊ ကျော်နိုင်(တိုက်ဂါး၊ ဘားအံ)နှင့် စည်သူအောင် (ရွှေဘားလား၊ ဘားအံ)၊ ဆလိုင်းဟိန်းထက်ကို (ရွှေဘားလား၊ဘားအံ)နှင့် ကြယ်စင်ထွန်း (အဖြူရောင် သွေးသစ်)၊ ရွှေချော( ရွှေဒေါပုံ၊ရန်ကုန်)နှင့် လျှမ်းတောက်(A.M.T.2)၊ စောချစ်သဲ(ဇာတိမာန်၊ရန်ကုန်)နှင့် ချောညို (ရွှေဒေါပုံ)၊ မိုးလွင်ဦး (ခြင်္သေ့မင်း၊ရန်ကုန်)နှင့် ရဲကျော်သူ(RAY)တို့ ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးလက်ဝှေ့ပွဲတွင် စိန်တစ်ပွင့် (ဇာတိမာန်၊ရန်ကုန်)နှင့် ငြိမ်းအိ(တိုက်ဂါး၊ဘားအံ) တို့ ယှဉ်ပြိုင်ခဲ့ကြသည်။
သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)