အိမ်မဲ ၂၉  အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကိုဗစ် - ၁၉ ယာယီဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ၍ တက်ရောက်ဆေးကုသမှု ခံယူနေသည့်လူနာသည် ရောဂါလက္ခဏာများ သက်သာပျောက်ကင်း၍ ယနေ့ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရရှိသူက တကောကျေးရွာ ဖျာတန်းရပ်ကွက်တွင် နေထိုင်သည့်ယာဉ်မောင်း အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ အိမ်မဲမြို့ထိပ်ရှိ အဝေးပြေးကားဝန်းမှာနေပြီး အိမ်မပြန်တာ တစ်လခန့် ရှိပြီဖြစ်ကြောင်း၊ မဲဇလီစစ်ဆေးရေးဂိတ်တွင် ပိုးရှိ/မရှိ စစ်ဆေးရာ အောက်တိုဘာ ၁၈ ရက်က ပိုးတွေ့ရှိခဲ့သဖြင့် အိမ်မဲမြို့ ယာယီဆေးရုံသို့ပို့ပြီး ဆေးကုသမှု ခံယူစေခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဆေးကုသမှုခံယူခဲ့ရာ ယနေ့ ရောဂါသက်သာ ပျောက်ကင်းကြောင်း သိရသဖြင့် ဆေးရုံက ဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း” မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါတွေ့ရှိသူ ၁၉ ဦး၊ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၇ ဦးရှိကြောင်းနှင့် ဆက်လက်ဆေးကုသမှု ခံယူနေသူ နှစ်ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)