အိမ်မဲ ၄ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော မြို့နယ်အတွင်း စွမ်းအားမြင့် မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်(၂) ဦးအောင်ကျော်မြိုင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့် ကစွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း၊ မီးဖို၏အသုံးဝင်ပုံနှင့်ပတ်သက်၍ အကျယ်တဝင့်ရ ှင်းလင်းပြောကြားခဲ့ပြီး မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများက စွမ်းအားမြင့်မီးဖိုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

20190803_144340