အိမ်မဲ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၄ ရက်နေ့က ညောင်ငူကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦး၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ဝန်ထမ်းများက ညောင်ငူကျေးရွာမှ အိမ်ထောင်စု လူဦးရေစာရင်း (၃၀) ခု၊ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် (၃)ကတ်၊ အသက်(၁၈)နှစ်ပြည့် (၄၈)ကတ်၊ လဲလှယ်(၁၀)ကတ်၊ မိတ္ထူ (၃၆)ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၉၇)ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု(၉၇) အုပ်စု၊ ကျေးရွာခွဲပေါင်း (၅၀၅)ရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


