အိမ်မဲ ၁၁ ဇူလိုင်
အိမ်မဲမြို့နယ်အတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်လူစည်ကားရာနေရာများတွင် တာ၀န်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးလှမင်းသူ ဦးဆောင်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၀င်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာ၀န်ရှိသူများက မြို့နယ်လူစည်ကားရာ နေရာများဖြစ်သည့် မြို့ထိပ်၊ မြို့မစျေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ နေရာများတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ပြည်သူများအား မိမိအကျိုး၊ အများပြည်သူအကျိုးအတွက် အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းတပ်ဆင်လာရန်၊ COVID-19 ရောဂါဖြစ်ပွားလာမှု ကြာမြင့်လာသည့်အတွက် ပြည်သူများ ကျန်းမာရေး၀န်ကြီးဌာန၏ ကြိုတင်ကာကွယ်ရေး အသိပေးလမ်းညွှန်မှုများနှင့်အညီ လိုက်နာကြရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူများ၊ နှာခေါင်းစည်း Mask အခု(၅၀၀၀)နှင့် အ၀တ်ချုပ် Mask အခု(၁၀၀၀)တို့ကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင် (အိမ်မဲ ပြန်/ဆက်)


