အိမ်မဲ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကျေးရွာ တောင်သူ ဦးနိုင်နိုင် ထွန်း၏ လယ်မြေကွင်းအမှတ် -၅၀ ခ၊ ဦးပိုင် - ၃/၃ တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးပွဲသို့ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးသန်းဆွေ၊ စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး၊ ဒုဦးစီးမှူး ဦးသိန်းစိုးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်စိတ်ပါဝင်စားသည့် တောင်သူများ စုစုပေါင်းအင်အား(၅၀)ခန့်တက်ရောက်ခဲ့ပြီး လယ်မြေအတွင်းသစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
“သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်း မြေသြဇာ မျိုးစေ့ ၄ ပြည် ကြဲပက်ရပါတယ်။ စျေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပက်ပြီးလို့ (၄၅)ရက် ကြာရင် ထည်ထိုးမြေမြုပ်ပြီး မြေသြဇာအဖြစ် အသုံးပြုလို့ရပါပြီ။ တစ်ဧကကို သစ်စိမ်း မြေသြဇာအထွက်နှုန်း(၁၈.၄)ပေါင်ထွက်ရှိပြီး နိုက်ထရိုဂျင်(၄၈.၉၄)ရာခိုင်နှုန်းရရှိကာ ယူရီးယားဓာတ်မြေ သြဇာ (၁)အိတ်ကျော်နဲ့ ညီမျှပါတယ်။ အခုယူရီးယားဓာတ်မြေသြဇာက (၁)အိတ်ကို ငွေကျပ် ၈၅၀၀၀ လောက်စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာ ထည့်သွင်း စိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး(၁၀၀၀၀)ကျပ်သာ ကျပြီးယူရီးယား(၁)အိတ်ကျော်နဲ့ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်လို့” မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးတင်မောင်ဦး ကပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)