အိမ်မဲ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ဇွန် ၁၃ ရက် နံနက် ၁၀ နာရီက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စုမှ အသက် (၈၅)နှစ်အထက် ဘိုးဘွား(၈၆၉)ဦးအတွက် ထောက်ပံ့ငွေတွေကို ဇွန် ၁၀ ရက်ကတည်းက ကျွန်မတို့ရုံးမှာ ထုတ်ပေးတာဖြစ်ပါတယ်။ ထုတ်ပေးတာကလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာစာရေးတွေကို ထုတ်ပေးပြီး သူတို့ကတစ်ဆင့် ထောက်ပံ့တာဖြစ်ပါတယ်။ ယခုကလည်း ကျွန်မတို့လက်လှမ်းမှီသလောက် မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားကရွာတွေကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးတာ ဖြစ်ပါတယ်လို့” အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေထွန်းက ပြောသည်။
အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၈၆၉)ဦးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ် (၂၆၀၇၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)