အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြာပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လှည်းဆိပ်တူးမြောင်းကျေးရွာ သုတကမ္ဘာစာကြည့်တိုက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြာပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ လှည်းဆိပ်တူးမြောင်းကျေးရွာက ဆရာတော် ဦးပညာနန္ဒက ဩဝါဒဆုံးမစကားများ ပြောကြားသည်။ ဆက်လက်ပြီး အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်မိုး၊ Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးငွေကြည်နှင့် Youth Club ဥက္ကဋ္ဌ ဦးပြည့်ဇော်ဖြိုးတို့က အသိပညာမြင့်မားစေရေး စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြသည်။

 

ထို့နောက် Book Club အဖွဲ့အတွင်းရေးမှူး ကဗျာဆရာ နွေနှောင်း(အိမ်မဲ)၊ အဖွဲ့ဝင် ကဗျာဆရာ မင်းသွေးစံ(အိမ်မဲ) တို့က ကဗျာရွတ်ဆိုခဲ့ကြပြီး Youth Club နာယက ဦးစိုးထွန်းက ကျေးဇူးတင်စကား ပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲတို့ကို လှည်းဆိပ်တူးမြောင်းကျေးရွာနှင့် ကျေးရွာအနီးမှ ကျောင်းများ စုစုပေါင်း ကျောင်း ၄ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများကို မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မေလွင်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)